စစ်ကောင်စီရဲ့ စစ်ထောက်ချုပ်လိုက်ပါလာတယ်လို့ သတင်းရထားတဲ့ ယာဉ်တန်းကို ဇူလိုင် ၇ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ ပဲခူးတောင်ပိုင်းစစ်ဒေသခွဲ ဆီကနေသိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ ရဲ့ အထူးတပ်ဖွဲ့က အမြန်လမ်း မိုင်တိုင် ၁၉၆ မိုင်၊ ၄ ဖာလုံမှာ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီရဲ့ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း လိုက်ပါလာတယ်လို့ သတင်းရရှိထားတဲ့ ယာဉ်တန်းက ယာဉ် ၂ စီး လုံးဝ ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရကြတယ်လို့ ပဲခူးတိုင်းတောင်ပိုင်းစစ်ဒေသခွဲ တာဝန်ရှိသူကပြောပါတယ်။
တိုက်ခိုက်တာတွေဖြစ်ပြီးနောက် လူနာတင်ယာဉ်တွေ ရောက်လာခဲ့ပြီး ထိခိုက်သေဆုံးသူတွေရဲ့ အမည်၊ ရာထူးအဆင့်တို့ကို ဆက်လက် အတည်ပြုနေတယ် လို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေးရုံးက ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနဲ့ မွန်ပြည်နယ်ထဲက ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံ လမ်းပိုင်းတွေကို နေ့စဉ် ည ၆ နာရီကနေ နံနက် ၆ နာရီအတွင်း မသွားလာကြဖို့နဲ့ သတ်မှတ်ချိန်အတွင်း သွားလာရာမှာလည်း မော်တော်ယာဉ်တွေကို မှန်ချပြီး မောင်းနှင်ကြဖို့၊ တာဝန်အရစစ်ဆေးတာကို ကြည်ကြည်ဖြူဖြူလက်ခံကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုအနေနဲ့ ထုတ်ပြန်ထားတာတွေကို တိတိကျကျလိုက်နာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွေနဲ့ အနီးကပ် သွားလာတာမျိုး လုံးဝ မပြုလုပ်ဘဲ ဝေးဝေးနေထိုင်သွားလာကြဖို့လည်း ထပ်မံ သတိပေးထုတ်ပြန်ထားပါတယ်။