ရွှေနဲ့ ပြုလုပ်တဲ့ တန်ဖိုးမြှင့်ပစ္စည်း၊ လက်ဝတ်ရတနာ၊ အနုပညာပစ္စည်းနဲ့ အသုံးအဆောင်ပစ္စည်းတွေ တင်ပို့၊ တင်သွင်းခွင့်ဆိုင်ရာ စည်းကမ်းချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ကုန်သွယ်ရေးဦးစီးဌာနက ပြင်ဆင် ထုတ်ပြန်လိုက်ပါတယ်။
တင်သွင်း/တင်ပို့ ဆောင်ရွက်လိုသူတွေအနေနဲ့ လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရာမှာ Myanmar TradeNet 2.0 စနစ်ကတဆင့် သတ္တုတွင်းဦးစီးဌာနရဲ့ ခွင့်ပြုမိန့်/ထောက်ခံချက် သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်မူရင်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်းရဲ့ ခွင့်ပြုမိန့်/လိုင်စင်၊ နိုင်ငံခြားငွေနဲ့ ဖွင့်လှစ်ထားတဲ့ဘဏ်စာရင်းစာအုပ်တို့ကို ပူးတွဲတင်ပြရမယ်လို့ သတ်မှတ်ထားပါတယ်။
လုပ်ငန်းမှတ်ပုံတင်ရရှိထားပြီးသူဖြစ်ပါက ထပ်တိုး စည်းကမ်းချက်တွေကို ဖြည့်စွက်ပြီး Myanmar Tradenet 2.0 စနစ်ကတဆင့် ပြန်လည်လျှောက်ထားရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်ပကို ရွှေနဲ့ ပြုလုပ်တဲ့ ပစ္စည်းတင်ပို့ခြင်းအတွက် ပို့ကုန်လိုင်စင်ကို Letter of Credit (LC)၊ Telegraphic Transfer (TT) နှစ်မျိုးစလုံးနဲ့ ခွင့်ပြုထားတာပါ။
ကုမ္ပဏီတွေအနေနဲ့ တင်ပို့/တင်သွင်းမယ့် ပမာဏ၊ စံချိန်စံညွှန်း၊ ဈေးနှုန်းနဲ့ တန်ဖိုးသတ်မှတ်ချက်၊ ကုန်သွယ်မယ့်လမ်းကြောင်း၊ အရောင်းစာချုပ်နဲ့ စီစစ်တန်ဖိုးဖြတ်အဖွဲ့ရဲ့ ထောက်ခံချက်တို့ကို တင်ပြပြီး လျှောက်ထားရမယ်လို့ သိရပါတယ်။
ပုံမှန်အရောင်းအဝယ်ဖြစ်မြောက်ပြီး တင်ပို့ခြင်း၊ တင်သွင်းခြင်းဖြစ်ပါက ပို့ကုန်၊ သွင်းကုန်လိုင်စင်သက်တမ်းဟာ သက်တမ်းတိုးရက်အပါအဝင် ရက် ၄ဝ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချဖို့ သယ်ဆောင်ခြင်းအတွက် ယာယီလိုင်စင်သက်တမ်းကို ၂ လ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပုံမှန်တင်သွင်းတင်ပို့ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနကို ပေးဆောင်ရမယ့်အခွန်တွေကို ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေပါ သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
အဆိုပါ ပြင်ဆင်သတ်မှတ်ချက်တွေက ဇူလိုင် ၃ ရက်နေ့က စတင် အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။