၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ ကလေးသူငယ်တွေဟာ ပုံစံမျိုးစုံနဲ့ စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုနဲ့ ကြုံတွေ့ခဲ့ကြရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံကြားက ပဋိပက္ခတွေ အပါအဝင် ကွန်ဂိုနဲ့ ဆိုမာလီယာ စတဲ့ နိုင်ငံတွေမှာ လူငယ်လူရွယ်တွေအတွက် အန္တရာယ်ကျရောက်စေခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီက ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံနဲ့အတူ ဟေတီ၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယား၊ မိုဇမ်ဘစ် စတဲ့ နိုင်ငံတွေမှာလည်း ကလေးသူငယ်အရေးနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ရကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့ပါတယ်။
“စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုတွေ” ထဲမှာ ကလေးသူငယ်တွေအပေါ် သတ်ဖြတ်မှုနဲ့ ထိခိုက်ဒဏ်ရာရစေမှု၊ တိုက်ခိုက်ရေးသမားတွေအဖြစ် စုဆောင်းမှုနဲ့ အသုံးပြုမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မသွေးဆောင် ဖြားယောင်းမှုတို့အပြင် ဆေးရုံနဲ့ စာသင်ကျောင်းတွေအပေါ် တိုက်ခိုက်မှုတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခထဲက ကလေးသူငယ်ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဗာဂျီးနီးရား ဂမ်ဘာကတော့ ၂၀၂၂ ခုနှစ်အတွင်း ကလေးသူငယ်ပေါင်း ၁၈,၈၉၀ ဦးအပေါ် ကျူးလွန်ခဲ့တဲ့ စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုပေါင်း ၂၇,၁၈၀ ခုအထိ ရှိတယ်လို့ လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။
အဲ့ဒီထဲမှာ သတ်ဖြတ်ခံရတာ ဒါမှမဟုတ် ဒဏ်ရာရရှိသွားတဲ့ ကလေးငယ် ၈,၆၂၀ ဦးနဲ့အတူ အစိုးရ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တွေက ပဋိပက္ခဖြစ်ရပ်အတွင်း စုဆောင်းကာ အသုံးချခဲ့တဲ့ ကလေးငယ် ၇,၆၂၂ ဦးတို့ ပါဝင်ပါတယ်။
ဒါ့အပြင် သွေးဆောင်ဖြားယောင်းခံခဲ့ရတဲ့ ကလေးငယ် ၃,၉၈၅ ဦးထဲမှာ မုဒိမ်းပြုကျင့်ခံရတာ၊ အတင်းအဓမ္မ လက်ထပ်စေခိုင်းတာ၊ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုတာနဲ့ အစော်ကားခံခဲ့ရတဲ့ ကလေးငယ်ပေါင်း ၁,၁၆၅ ဦးအထိရှိပြီး အားလုံးနီးပါးက မိန်ကလေးတွေသာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့အနေနဲ့ စာသင်ကျောင်းပေါင်း ၁,၁၆၃ ကျောင်းနဲ့အတူ ဆေးရုံပေါင်း ၆၄၇ ရုံတို့အပေါ် တိုက်ခိုက်မှုတွေကိုပါ အတည်ပြုနိုင်ခဲ့တဲ့အပြင် ဒါဟာ ၂၀၂၁ ခုနှစ်တုန်းကထက် ၁၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုတွေမှာ လက်နက်ကိုင်အဖွဲ့တွေက ၅၀ ရာခိုင်နှုန်းအထိ တာဝန်ရှိပြီး ကလေးသူငယ်တွေအပေါ် သတ်ဖြတ်မှုနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့စေမှုတွေမှာ အစိုးရအဖွဲ့တွေက အဓိကကျူးလွန်သူဖြစ်သလို စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဂမ်ဘာက ထောက်ပြခဲ့ပါတယ်။
ဥပမာအားဖြင့် တောင်ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က “၅ ရက်တာ ဖြစ်ရပ်ဆိုးအတွင်း” မိန်းကလေးငယ် ၃ ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ အာဖဂန်နစ္စတန်နိုင်ငံရှိ စာသင်ကျောင်းတခုက ဖောက်ခွဲရေးပစ္စည်းကြောင့် ယောကျ်ားလေးအများအပြား သေဆုံးခဲ့ရမှုတို့ပဲ ဖြစ်တယ်လို့ ဂမ်ဘာက ပြန်ပြောပြပါတယ်။
မြန်မာနိုင်ငံမှာလည်း အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားရာကနေ အရှင်လတ်လတ် မီးတင်ရှို့မှုနဲ့ ယူကရိန်းနိုင်ငံထဲက လေကြောင်းတိုက်ခိုက်မှုတခုကြောင့် နောက်ထပ် အမျိုးသမီးငယ်တယောက်ရဲ့ ခြေလက်အင်္ဂါတွေ ဖြတ်တောက်ခဲ့ရမှုတို့ပဲ ဖြစ်ပါတယ်။
ကုလအထူးကိုယ်စားလှယ်တဦးဖြစ်တဲ့ ဂမ်ဘာက “လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဖျက်ဆီးမှုတွေကနေ ကလေးသူငယ်တွေကို ကာကွယ်တားဆီးပေးနိုင်ဖို့အတွက် မဖြစ်မနေ ပိုမိုကြိုးပမ်းရမှာ ဖြစ်တယ်” လို့ မှတ်ချက်ပေးသွားပါတယ်။
ယူနီဆက်ဖ်ရဲ့ လက်ထောက်အမှုဆောင်ဒါရိုက်တာဖြစ်သူ အိုမာ အက်ဘ်ဒီကတော့ လွန်ခဲ့တဲ့နှစ်အတွင်း ကလေးသူငယ်တွေအပေါ် စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုပေါင်း ၂၄,၀၀၀ အထိ ရှိရာကနေ ၂၇,၀၀၀ အထိ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။
ဒါဟာ ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ စောင့်ကြည့်ရေးဆိုင်ရာ အစီရင်ခံစာ နောက်ပိုင်း အမြင့်မားဆုံး အရေအတွက် ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ကမ္ဘာတဝန်း စိုးရိမ်ဖွယ်ရာ ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ဟာလည်း ၂၆ ခုအထိ ရှိနေတာကြောင့် အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆူဒန်နိုင်ငံမှာ ပြင်းထန်တဲ့ ပဋိပက္ခတခု ဖြစ်ပွားနေတာကြောင့် ကလေးငယ် ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အပြင် ရာနဲ့ချီတဲ့အထိ သေဆုံး၊ ဒဏ်ရာရခဲ့ကြတယ် ဆိုတဲ့ အစီရင်ခံတင်ပြချက်တွေ လက်ခံရရှိခဲ့ကြောင်း အက်ဘ်ဒီက မှတ်ချက်ပေးပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း မကြာသေးမီကမှ အရှိန်မြင့်တက်လာခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်ရပ်အတွင်း ကလေးငယ်တွေအပေါ် သက်ရောက်မှု တိုးမြင့်လာနိုင်တယ်ဆိုပြီး အက်ဘ်ဒီက ဖြည့်စွက်ပြောပါတယ်။
အခုလို ပဋိပက္ခဖြစ်ပွားနေတဲ့ အစိုးရအပါအဝင် ဘက်အသီးအသီးဟာ ကလေးသူငယ်တွေ အပေါ် ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ကတိကဝတ်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိသလို အဓိပ္ပာယ်ပြည့်ဝပြီး ရှင်းလင်းပြတ်သားတဲ့ အရေးယူမှုတွေလည်း လိုအပ်နေတယ်လို့ ယူနီဆက်ဖ်ရဲ့ တာဝန်ရှိသူက ပြောကြားပါတယ်။
ပြီးခဲ့တဲ့လ နှောင်းပိုင်းတုန်းက ကုလသမဂ္ဂအဖွဲ့ရဲ့ လုံခြုံရေးကောင်စီကို တင်သွင်းခဲ့တဲ့ နှစ်စဉ်အစီရင်ခံစာအတွင်း အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ဟာ ရုရှားတပ်ဖွဲ့တွေကို အမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။
ယူကရိန်းနိုင်ငံထဲက ဆေးရုံနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်ခဲ့တဲ့အပြင် လူငယ်လူရွယ်တွေကိုပါ သတ်ဖြတ်ခဲ့တဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေအပေါ် ချိုးဖောက်မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းနိုင်ငံအတွင်း ကလေးငယ် ၁၃၆ ဦးအထိ သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ရုရှားစစ်တပ်နဲ့အတူ ပူးပေါင်းတပ်ဖွဲ့တွေအပေါ် အရေးယူနိုင်ဖို့အတွက် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်က ပါလက်စတိုင်းကလေးငယ် ၅၄ ဦးကို သတ်ဖြတ်မှု အပါအဝင် စုစုပေါင်း ၁,၁၃၉ ဦးအပေါ်မှာ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ အစ္စရေးနိုင်ငံကိုတော့ ကုလအကြီးအကဲဖြစ်သူက အမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခဲ့ခြင်း မရှိပါဘူး။
ကလေးသူငယ်တွေအပေါ် အကာအကွယ်ပေးနိုင်ဖို့ အဆိုပြုထားတဲ့ စီမံချက်တွေကို လက်တွေ့ဆန်မှုရှိစွာနဲ့ အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ဒီအပေါ်မှာ ကြိုဆိုတယ်ဆိုပြီး ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။
PHOTO - UKSY