ဆဲဗင်းဇူလိုင်နေ့ အောက်မေ့သတိရခြင်းအထိမ်းအမှတ်လှုပ်ရှားတရပ်ကို အင်းစိန်ထောင်တွင်းက နွေဦးတော်လှန်ရေး နိုင်ငံရေးအကျဉ်းသားတွေက ပြုလုပ်တယ်လို့ ထောင်တွင်းက ပေးပို့လာတဲ့ စာအရ သိရပါတယ်။
စာထဲမှာ ဇူလိုင် ၇ရက်နေ့ ကျောင်းသားတွေရဲ့ ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖြိုချဖျက်ဆီးခံရတဲ့ ၆၁ နှစ်အထိမ်းအမှတ်အဖြစ် အခုလိုလှုပ်ရှားမှု ပြုလုပ်တာလို့ ဖော်ပြထားပါတယ်။
ထောင်တွင်းစာတွေ အပြင်ရောက်တာနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်စစ်ဆေးခံရတာတွေ ရှိပေမဲ့ အကျိုးဆက်အားလုံးကို ခံယူမယ်ဆိုတဲ့ သဘောထားနဲ့အတူ စာကို အပြင်ထုတ်ရတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်က ပြောပါတယ်။
"ရိုက်မယ် စစ်မယ်၊ ဘယ်သူဦးဆောင်တာလဲမေးမယ်၊ တိုက်ပိတ်မယ် ထောင်ပြောင်းထည့်မယ်။ ဒါတွေက ကြိုတွေးပြီးသားလေ။ ဒါပေမဲ့ ထောင်တွင်းရောက်နေလည်း ငြိမ်မခံဘူး၊ ငုံ့မခံဘူး အမြဲတမ်းလှုပ်နေတယ်ဆိုတာ အပြင်ကလူတွေ သိစေချင်တာ" လို့ ပြောပါတယ်
စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၃ ဇူလိုင်လ ၆ ရက်အထိ စစ်ကောင်စီက နိုင်ငံရေးလှုပ်ရှားသူပေါင်း ၂၃၇၅၃ ကို ဖမ်းဆီးခဲ့ပြီး တချို့ကိုပြန်လွှတ်ပေးခဲ့ပေမဲ့ ၁၉၃၈၃ ယောက် ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ဒီအထဲကမှ ၆၆၆၂ ဦးကိုတော့ ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။