စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာနဲ့ သမားရိုးကျေးရွာကြားမှာ စစ်ကောင်စီတပ်က ဇူလိုင် ၆ ရက် ဒီမနက် ၅ နာရီလောက်မှာ ကုန်စိမ်း ရောင်းဝယ်လုပ်နေတဲ့ အမျိုးသမီးတွေအပါအဝင် ဈေးသည် ၇ ယောက်ကို ပစ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၅ ရက်က ရွှေဘိုမြို့ဘက်ကနေ ကားကြီး ၃ စီးနဲ့ အရာတော်မြို့နယ်နဲ့ ဝက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာပြီး ညနေပိုင်းမှာ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းက ရသာကြီးကျေးရွာမှာ ညအိပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ဒါက မတရားသဖြင့် လုပ်သွားတာဗျာ။ သူတို့ ဈေးသည်တွေဆိုတာလည်း သိတယ်။ သိသိကြီးနဲ့ကို ပစ်သတ်သွားတာ။ ပစ်သွားတာက ဦးခေါင်းတွေ၊ လက်တွေ၊ ခြေထောက်တွေကို ပစ်သတ်သွားတာ။ သေတဲ့သူတွေက အသက် ၆၀ ကျော်အရွယ် တယောက်ပါမယ်။ ၃၀ နဲ့ ၄၅ ဝန်းကျင် ၆ ယောက်ပါတယ်။ စုစုပေါင်း ၇ ယောက်ပါဗျ။ အဲဒီအထဲ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦးပါ” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ ယာခင်းကနေထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရွှေပန်းကုန်းကျေးရွာက မနက်ခင်းစျေးကို ရောင်းဖို့ သွားတဲ့လမ်းမှာ အခုလို စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ပြီး အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အရပ်သားဈေးသည် ၇ ဦးကို သတ်ပြီး ဒေသခံပြည်သူ ၃၀ ကို ဖမ်းဆီးကာ အရာတော်မြို့ ငွေတွင်းရွာကို ခေါ်ဆောင်သွားပြီး မနက် ၉ နာရီလောက်မှာ ဖမ်းဆီးသွားသူတွေထဲက ၂၉ ဦးကို ပြန်လွှတ်လိုက်ကာ တဦးကိုတော့ လက်နောက်ပြန် လက်ထိပ်ခတ် ဖမ်းချုပ်ထားတယ်လို့ ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလို အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။