ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးမဟာမိတ်အဖွဲ့ ဂါဗီ (GAVI) က အာဖရိကတိုက်မှာရှိတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ လာမယ့် ၂ နှစ်အတွင်း ငှက်ဖျားရောဂါကာကွယ်ဆေး ထိုးဆေး ၁၈ သန်း ရမှာဖြစ်ပြီး ဒေသတွင်း ၉ နိုင်ငံမှာ ကာကွယ်ဆေးတွေ ထိုးနှံနိုင်မယ်လို့ ဇူလိုင် ၅ ရက်မှာ ပြောလိုက်ပါတယ်။
ငှက်ဖျားရောဂါဟာ အာဖရိကတိုက်ကြီးရဲ့ အသေအပျောက်အများဆုံး ရောဂါတွေထဲက တခုအဖြစ် ရှိနေဆဲပါ။ နှစ်စဉ် အသက်ငါးနှစ်အောက် ကလေးငယ် တသန်းခွဲလောက် သေဆုံးနေပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဖရိကဟာ ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါဖြစ်ပွားမှုရဲ့ ၉၅ ရာခိုင်နှုန်းလောက်နဲ့ သေဆုံးမှု ၉၆ ရာခိုင်နှုန်း ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။
WHO အကြီးအကဲ တေဒရိုစ် အဒ်ဒါနွန် ဂေဘရီယေးဆပ်စ်က “အနည်းဆုံး အာဖရိကနိုင်ငံ ၂၈ နိုင်ငံက RTS,S (ငှက်ဖျား) ကာကွယ်ဆေးကို လက်ခံဖို့ စိတ်ဝင်စားနေတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒုတိယမြောက် ငှက်ဖျားကာကွယ်ဆေးကို အရည်အချင်းပြည့်မီအောင် ပြန်သုံးသပ်နေပြီး အောင်မြင်ခဲ့ရင် ရေတိုအတွင်း အပိုထောက်ပံ့မှု ပေးနိုင်လိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
ဂါနာ၊ ကင်ညာနဲ့ မာလာဝီနိုင်ငံတို့ဟာ ဂါဗီကနေ ထောက်ပံ့တဲ့ ရှေ့ပြေးပရိုဂရမ်တခုရဲ့ တစိတ်တပိုင်းအဖြစ် ၂၀၁၉ ခုနှစ်ကတည်းက RTS,S ကာကွယ်ဆေးကို လက်ခံရရှိထားပြီး နိုင်ငံတွေထဲက ကလေးပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေးထိုးထားတယ်လို့ ဂါဗီ၊ ယူနီဆက်ဖ်နဲ့ WHO တို့က ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်ဆေးထုတ်လုပ်သူ GSK က ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို လက်ခံမယ့် နိုင်ငံသစ် ကိုးနိုင်ငံထဲမှာ ဘီနင်၊ ဘာကီနာဖာဆို၊ ဘူရွန်ဒီ၊ ကင်မရွန်း၊ ကွန်ဂို၊ လိုက်ဘေးရီးယား၊ နိုင်ဂျာ၊ ဆီရာလီယွန်နဲ့ ယူဂန်ဒါတို့ ဖြစ်ပါတယ်။
RTS,S ကာကွယ်ဆေးရဲ့ ပထမအသုတ် ပေးပို့မှုဟာ ၂၀၂၃ ခုနှစ် နောက်ဆုံး သုံးလပတ်အတွင်း အာဖရိကနိုင်ငံ ၁၂ နိုင်ငံဆီရောက်ဖို့ မျှော်လင့်ထားပြီး လာမယ့်နှစ်အစောပိုင်းမှာ စတင်ဖြန့်ချိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
Source - Reuters