ဟောင်ကောင်ဖွား အမေရိကန်အဆိုတော်နဲ့ တေးရေး ကိုကိုးလီ ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားမှုနဲ့ သတိလစ်မေ့မျောနေရာက ဇူလိုင် ၅ ရက်မှာ သေဆုံးခဲ့ပြီလို့ သူ့ရဲ့ အစ်မ နှစ်ယောက်ဖြစ်တဲ့ ကာရိုးလီးနဲ့ နန်စီလီးတို့က အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
အသက် ၄၈ နှစ်အရွယ် ကိုကိုးလီဟာ သူနေထိုင်ရာ ဟောင်ကောင်က ကွင်းစ်မေရီဆေးရုံမှာ သေဆုံးခဲ့တာပါ။ ကိုကိုးဟာ စိတ်ကျရောဂါကို ကုသဖို့ အကောင်းဆုံးလုပ်ခဲ့ပြီး ပညာရှင်တွေရဲ့ အကူအညီကို ယူခဲ့ပေမဲ့ သူ့ကိုယ်ထဲက မကောင်းဆိုးဝါးက သူ့ရဲ့ ပိုကောင်းတဲ့အပိုင်းကို နှုတ်ယူသွားခဲ့ပြီလို့ ကြေညာချက်က ဆိုပါတယ်။
ဇူလိုင် ၂ ရက်က ကိုကိုးဟာ သူ့အိမ်ထဲမှာ သူ့ကိုယ်သူ သတ်သေခဲ့ပြီး ဆေးရုံကို ပို့ခဲ့ရပါတယ်။ ဆေးရုံအဖွဲ့တွေက သတိလစ်နေတဲ့ သူ့ကို ကယ်ဆယ်ကုသဖို့ အကောင်းဆုံး အားထုတ်ခဲ့ပေမဲ့ ဇူလိုင် ၅ ရက်မှာ သေဆုံးခဲ့တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။
ကိုကိုးလီဟာ သူ့အသက်မွေးဝမ်းကျောင်း လမ်းကြောင်းမှာ နှစ် ၃၀ လျှောက်လှမ်းခဲ့တာပါ။ သူ့ကို ဟောင်ကောင်က ကန်တုံတရုတ်စကားပြောသူ မိခင်နဲ့ မလေးရှားနိုင်ငံသား ဖခင်တို့က ၁၉၇၅ ခုနှစ်မှာ မွေးခဲ့ပြီး မွေးချင်း ၃ ယောက်ထဲမှာ အငယ်ဆုံးလည်း ဖြစ်ပါတယ်။
သူ့ဖခင်ဟာ သူ မမွေးခင်တည်းက သေဆုံးခဲ့ပြီး မိခင်ဖြစ်သူက သူတို့ညီအစ်မတွေနဲ့အတူ သူ့အသက် ၉ နှစ်အရွယ်မှာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ဆီ ရွှေ့ပြောင်းခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာ အထက်တန်းအောင်ခဲ့တဲ့ ကိုကိုးလီဟာ ၁၉၉၆ ခုနှစ်မှာ ဆိုနီ ဂီတဖျော်ဖြေရေးနဲ့ လက်မှတ်ထိုးခဲ့အပြီး အာရှမှာ ရောင်းအားအကောင်းဆုံး အဆိုတော် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင် သူဟာ အာရှနဲ့ အမေရိကန်မှာပါ အောင်မြင်ခဲ့ပြီး စတူဒီယိုအယ်လ်ဘမ် ၁၈ ခုကို အသံသွင်းခဲ့ပါတယ်။
၂၀၁၁ မှာ ဟောင်ကောင်ကုမ္ပဏီ လီအန်ဖှန်းရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ကနေဒါ စီးပွားရေးသမား ဘရုစ် ရော့ခ်ကိုဝစ်ဇ်နဲ့ လက်ထပ်ခဲ့ပါတယ်။
Source - Reuters