နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ဇွန် ၅ ရက် မနက်မှာ ရမည်းသင်းအကျဥ်းထောင်က လွတ်ရက်စေ့ပြီး ပြန်လွတ်ခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရမည်းသင်းအကျဥ်းထောင်မှာ မနေ့မနက် ၈ နာရီက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရတဲ့ ရဲအုပ်ပြည့်ဖြိုးနိုင် လွတ်ရက်စေ့လို့ ပြန်လွတ်သွားပြီလို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ချုပ်ရက် လျှော့ရက်တွေနဲ့လွှတ်တာ၊ အထဲမှာ တနှစ်နဲ့ ငါးလနေရတယ်။ ၂၀၂၂ နှစ်စကတည်းက အမိန့်ချထားတာ။ ချယ်ရီထက်ကတော့ မလွတ်သေးဘူး။”
ဒေါ်အောင်ဆန်းစုကြည် အနားမှာ အနီးကပ် လုံခြုံရေးယူခဲ့တဲ့ ကိုယ်ရေးအရာရှိ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်နဲ့ ဒုရဲအုပ် ချယ်ရီထက်တို့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော် ဝန်ထမ်းလိုင်းခန်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခဲ့ပြီးနောက် သူတို့နှစ်ဦးကို ရမည်းသင်းအကျဥ်းထောင်ကိုပို့ကာ ရဲအုပ်ပြည့်ဖြိုးနိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အမှုဖွင့်ခဲ့ကာ ဒုရဲအုပ် ချယ်ရီထက်ကို ပုဒ်မ ၅၀၅(က)၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွေနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ ရဲအုပ်ပြည့်ဖြိုးနိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး ဒုရဲအုပ် ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ပုဒ်မ ၅၀၅(က) ပေါင်းကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။