နိုင်ငံရပ်ခြားအခြေစိုက် တက်ကြွလှုပ်ရှားသူတွေကို ဝရမ်းနဲ့ ဖမ်းမိရင် ပေးမယ့်ဆုကြေးတွေ ထုတ်ပြန်အပြီး ၂ ရက်အကြာမှာ တရုတ်ပြည်မကြီး အစိုးရဆီက လွတ်လပ်ရေးရဖို့ လှုံ့ဆော်သူနဲ့ နိုင်ငံခြားရောက်နေတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူ လေးဦးကို ဟောင်ကောင် အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့က ဇူလိုင် ၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒီအမျိုးသားလေးဦးက ပြည်ပကိုထွက်ပြေးပြီး အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ လှုပ်ရှားမှုတွေမှာ ဆက်ပါဝင်လုပ်ဆောင်နေတဲ့လူတွေကို ထောက်ပံ့ဖို့ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေ၊ လူမှုရေးပလက်ဖောင်းတွေနဲ့ မိုဘိုင်းလ်အက်ပလီကေးရှင်းတွေကနေ ရန်ပုံငွေတွေ လက်ခံရရှိနေတယ်လို့ သံသယရှိတဲ့အကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ထင်ရှားတဲ့ နိုင်ငံခြားအခြေစိုက် အတိုက်အခံတွေကို ခုသီတင်းပတ် အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်း ရှစ်ခုနဲ့ အတိအကျ ဆက်စပ်ကြေညာတာတော့ မရှိခဲ့ပါဘူး။
ပြည်ပက တက်ကြွလှုပ်ရှားသူ ရှစ်ဦးကို ငွေကြေးအကူအညီပေးဖို့ သုံးတယ်ဆိုတဲ့ “Punish Mee” လို့ခေါ်တဲ့ အွန်လိုင်းပလက်ဖောင်းတခုနဲ့ အဖမ်းခံရသူတွေဟာ ချိတ်ဆက်ပတ်သက်မှု ရှိတယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက စွပ်စွဲထားပါတယ်။
အခုဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့ ဒီမိုစစ်တိုရဲ့ ဥက္ကဋ္ဌဖြစ်သူ အိုင်ဗန်လမ်ကို ဟောင်ကောင်ရဲ့ ကွေ့ချွန်းခရိုင်မှာရှိတဲ့ စက်မှုအဆောက်အအုံတခုကနေ ရဲဗင်ကားနဲ့ ဖမ်းခေါ်သွားတာကို ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတဦးက မြင်တွေ့ခဲ့ပါတယ်။
အဖမ်းခံရသူဟာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့ ဖမ်းဆီးခံရသူ လေးဦးထဲမှာ ပါမပါဆိုတာ ရိုက်တာသတင်းဌာနက အတည်မပြုနိုင်သေးပါဘူး။
Source - Reuters