နည်းပြတန်ဟတ်ဂ်ရဲ့ အစီအစဉ်တွေကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်တယ်လို့ ကွင်းလယ်ကစားသမားသစ် မေဆန်မောင့်က ပြောပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းကနေ ပေါင်သန်း ၆၀ နဲ့ မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
အသင်းနဲ့ ပထမဆုံးအင်တာဗျူးအစီအစဉ်မှာတော့ မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့ရာမှာ နည်းပြတန်ဟတ်ဂ်ရဲ့ အစီအစဉ်တွေက အဓိကကျခဲ့ကြောင်း မေဆန်မောင့်က ပြောခဲ့တာပါ။
“အသင်းနည်းပြနဲ့ တွေ့ဆုံပြီး သူ့ရဲ့အစီအစဉ်တွေကို ဆွေးနွေးပြီးနောက်မှာ လာမယ့် ရာသီသစ်အတွက် ပိုပြီးစိတ်လှုပ်ရှားဖို့ မနေနိုင်တော့ပါဘူး။ နည်းပြအဲရစ်တန်ဟတ်ဂ်ရဲ့ လက်အောက်မှာ ယူနိုက်တက်အသင်းက ကြီးမားတဲ့ခြေလှမ်းတွေနဲ့ ရှေ့ဆက်သွားနေတယ်ဆိုတာ အားလုံး သိမြင်နိုင်ပါတယ်။ ကျနော်က ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး အဓိက ဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာသိပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ အဲဒီလို အတွေ့အကြုံတွေနဲ့အတူ အရာအားလုံး ပေးဆပ်ကစားသွားမှာပါ”လို့ မေဆန်မောင့်က ပြောပါတယ်။
ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ချဲယ်ဆီးအသင်းကနေ ထွက်ခွာခဲ့ရတာက လွယ်ကူတဲ့အရာမဟုတ်ပေမဲ့ ယူနိုက်တက်က စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုအသစ်တွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ မေဆန်မောင့်က ပြောသွားပါတယ်။