ကချင်ပြည်နယ်၊ ဗန်းမော်-မြစ်ကြီးနားလမ်းရှိ လိုင်ဇာ KIA ဗဟိုဌာနချုပ်အနီး နန်ဆန်ယန် ကျေးရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နားလုံကျေးရွာအတွင်း ပိတ်မိနေတဲ့ ခရီးသည်နဲ့ ဈေးသည်၊ ကားသမား ၁၀၀ ကျော် ဒီနေ့ ဇူလိုင် ၅ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က နားလုံကျေးရွာဆရာတော်ရဲ့ မေတ္တာရပ်ခံမှုနဲ့ ဗန်းမော်ဘက်ကို ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဗဟိုဌာနချုပ် လိုင်ဇာအနီး ဇူလိုင် ၂ ရက်မှ စတင်ကာ စစ်ကောင်စီဝင်တွေက အင်အား အဆမတန်တိုးချဲ့ နယ်မြေကျူးကျော်လာတာကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းကို စစ်ကောင်စီတပ်တွေက အဝင်အထွက်အသွားအလာ ရုတ်တရက် ပိတ်လိုက်တာကြောင့် ဇူလိုင် ၄ ရက်အထိ ခရီးသည်တွေ ဒေသခံတွေ ရာနဲ့ချီနီးစပ်ရာကျေးရွာတွေမှာ ပိတ်မိနေကြတာပါ။
ပြန်လည်ရောက်ရှိလာသူတဦးက “ဆရာတော်က ဒေသအာဏာပိုင်တွေ၊ စစ်တပ်တွေကို မေတ္တာရပ်ခံပြီး ကျေးရွာအတွင်း ၂ ရက်ခန့် ပိတ်မိနေတဲ့ ခရီးသွားတွေအတွက် ဆောင်ရွက်ပေးလို့ ပြန်လာကြပြီ။ နားလုံဒေသခံတချို့ကတော့ စစ်ဖြစ်နေကြမို့ မရှောင်ကြဘူး၊ ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းက တံတားတစင်း မိုင်းခွဲခံထားရလို့ ပျက်စီးသွားတယ်လို့ ကြားရတယ်၊ သေချာတော့မသိဘူး၊ မနက်ကထိ တိုက်ပွဲသံတွေ ကြားနေရတုန်းပဲ။ ကြားထဲကတော့ ပိတ်ထားတုန်း” လို့ ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ် လိုင်ဇာခရိုင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ သွားလာရေးနဲ့ လုံခြုံရေးအတွက် အထူးဂရုပြုဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက ဇူလိုင် ၄ ရက် ဒီနေ့ ရက်စွဲနဲ့ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
မြစ်ကြီးနား - ဗန်းမော်လမ်းတလျှောက် ခရီးသွားလာတာကို တတ်နိုင်သလောက် သတိထား ရှောင်ရှားဖို့နဲ့ မဖြစ်မနေ သွားလာဖို့ လိုအပ်လာရင် စစ်ရေးအခြေအနေ စောင့်ကြည့်လေ့လာပြီးမှသာ သွားလာကြဖို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့တုန်းကလည်း ဂန်ဒေါင်ယန်ဘက်ကနေ နမ်ဆန်ယန်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့က ခုခံတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားလို့ ဒေသခံအချို့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။