မီးထဲမှာဖြတ်ပြီး ပျံသန်းနိုင်တဲ့ ဒရုန်းဟာ မီးလောင်နေတဲ့ အဆောက်အဦ ဒါမှမဟုတ် တောမီးထဲမှာ ပိတ်မိနေသူကို ဖော်ထုတ်နိုင်တယ်လို့ တီထွင်သူတွေက ပြောလိုက်ပါတယ်။
၂၀၁၇ ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဂရန်းဖဲလ်မျှော်စင် မီးလောင်မှုကြောင့် လူပေါင်း ၇၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဖားယားဒရုန်းလို့ခေါ်တဲ့ ဒရုန်းယာဉ်အသစ်ရဲ့ ရှေ့ပြေးပုံစံကို တီထွင်ခဲ့တာပါ။
“ကျနော်က မျှော်စင်နားမှာ နေခဲ့ပြီး လန်ဒန်မှာ အလုပ်လုပ်ဖို့ ကားမောင်းခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်ကို မြင်လိုက်ရတော့ တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာ ကောင်းပြီး လူတွေက ကျနော့်ကို မီးထဲမှာပျံသန်းနိုင်တဲ့ ဒရုန်းတစင်းရှိလားလို့ မေးလာကြပါတယ်။ အဲဒါမရှိဘူး” လို့ လန်ဒန် အင်ပီးရီးယဲကောလိပ်က လေကြောင်းစက်ရုပ် ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာနဲ့ အမ်ပါမြို့က ရေရည်တည်တံ့နိုင်စွမ်းရှိတဲ့ စက်ရုပ်များ ဓာတ်ခွဲခန်းတို့ရဲ့ အကြီးအကဲ ပါမောက္ခ မီယာကို ကိုဗက်က ပြောပါတယ်။
အဲဒီအချိန်ကစပြီး သူတို့အဖွဲ့ဟာ အန္တရာယ်တွေကို အကဲဖြတ်ဖို့နဲ့ အန္တရာယ်ဇုန်တွေက ပထမဆုံး တုံ့ပြန်သူတွေဆီ အရေးကြီးတဲ့ ကိုယ်တွေ့အချက်အလက်တွေကို ပေးဆောင်ဖို့ မီးထဲမှာပျံသန်းနိုင်တဲ့ ဖားယားဒရုန်းကို တီထွင်ခဲ့ကြပါတယ်။
“မီးလောင်ရင် မေးစရာရှိတာက အထဲမှာ တစုံတယောက်ရှိလား၊ ဖွဲ့စည်းပုံက ဘယ်လိုပုံစံမျိုးလဲ၊ မီးရဲ့အရင်းအမြစ်က ဘယ်မှာလဲ၊ အပူဓာတ် ဖြန့်ဖြူးမှုဟာ ပတ်ဝန်းကျင်မှာ ဘယ်လိုပုံစံမျိုးလဲ ဆိုတာတွေပါပဲ” လို့ ကိုဗက်က ပြောပါတယ်။
“ဒါက မီးသတ်ဒရုန်းနဲ့ ထိတွေ့နိုင်တဲ့အရာပါ။ သူ့မှာ အပူကင်မရာ၊ RGB ကင်မရာ၊ အောက်ဆီဂျင်နဲ့ ဓာတ်ငွေ့အာရုံခံကိရိယာတွေ၊ အဆိပ်သင့်မှု အာရုံခံကိရိယာတွေ စသည်ဖြင့် တခြားအာရုံခံစားမှုတွေ ပါရှိနိုင်တယ်” လို့ ကိုဗက်က ပြောပါတယ်။
တောမီးပျံ့နှံ့မှု နှေးကွေးစေဖို့ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ မီးသတ်သမားတွေက ဒရုန်းတွေကို ဝေဟင်ကနေ ရိုက်ကူးတာ၊ မီးသတ်ပိုက်တွေဆင်တာ ဒါမှမဟုတ် တောမီးကူးစက်မှု နှေးကွေးစေဖို့ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ မီးငြှိမ်းသတ်တဲ့ နည်းလမ်းတွေကို သုံးတာတွေ လုပ်နေပါပြီ။
ဒါပေမဲ့ မီးငြှိမ်းသတ်ဖို့ တီထွင်ထားတဲ့ လက်ရှိ ဒရုန်းတွေရဲ့ ဘောင်တွေက အရည်ပျော်ပြီး လျှပ်စစ်ပစ္စည်းတွေ ပျက်စီးသွားမှာ စိုးရိမ်လို့ မီးနဲ့ ပိုနီးနီးကပ်ကပ် မပျံသန်းနိုင်သေးပါဘူး။