အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့အကြံပေးပုဂ္ဂိုလ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို ခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၃ ၁၃၈၅ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၃ ရက် (၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်) ရက်စွဲနဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ် အကြီးတန်းအရာရှိတဦးနဲ့ နီးစပ်သူတဦးက “ဒီနေရာကို ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ မှန်းကြတယ်။ တခြားဗိုလ်ချုပ်ကြီးတွေလည်း မှန်းကြတယ်။ ဒါပေမဲ့ ငွေရှာပေးနိုင်တဲ့သူကို ဦးစားပေးတာ မာရဝီဇယမှာ လုပ်ငန်းရှင်တွေဆီက ဘီလီယံနဲ့ချီပြီး အလှူခံပေးတာရှိတယ်၊ စည်းရုံးပေးတာလည်းရှိတယ်၊ အဲ့ဒါကြောင့် နေရာပေးတာ” လို့ ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးညိုစောမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌဖြစ်သလို ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းထားကြောင်း သိရပါတယ်။
အရင်က စစ်ထောက်ချုပ်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောဟာ စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတဦးဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ စစ်တက္ကသိုလ်တို့မှာ ကျောင်းအုပ်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၄ မှ ၂၀၂၀ ခုနှစ်အထိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှာ တိုင်းမှူးတာဝန်တွေ ထမ်းဆောင်ခဲ့ရာက ရာထူးအဆင့်ဆင့်တိုးခဲ့သူတဦး ဖြစ်ပါတယ်။
စစ်တပ်အသိုင်းအဝိုင်းမှာ ဒုတိယဗိုလ်ချုပ်ကြီးညိုစောဟာ ရာထူးကို အသုံးပြုပြီး ချမ်းသာလာတာကြောင့် ဝေဖန်ခံနေရသူတဦးလည်း ဖြစ်ပါတယ်။