Home
မြန်မာသတင်း
မလေးရေပိုင်နက်တွင် တရားမဝင်မြန်မာနိုင်ငံသား ၃ ဦးဖမ်းဆီးခံရ
DVB
·
July 5, 2023
357764506_798397665161181_3378150953786272729_n

မလေးရှားရေပိုင်နက် ကွာလာကွာအူ ရေကြောင်းဧရိယာအတွင်းက ကမ်းခြေနဲ့ ရေမိုင် ၇ မိုင်ခန့်အ ကွာလောက်က ငါးဖမ်းစက်လှေငယ်တစီးပေါ်မှ တရားမဝင်မြန်မာနိုင်ငံသား ၃ ဦးကို မလေးရှား ရေကြောင်းထိန်းသိမ်းရေးတာဝန်ရှိသူတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဇူလိုင် ၄ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်လောက်က ပူလောင်တီဝ်ရောင်းနေရာရဲ့ အနောက်ဘက်နားမှာ မသင်္ကာဖွယ်စက်လှငယ်တစင်းကို ကွာလာကွာအူရေကြောင်းဇုန် တာဝန်ရှိသူတွေ ကင်းတာဝန်ဆောင်ရွက်နေစဉ်မှာ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ကင်းလှည့်သင်္ဘောက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ငါးဖမ်းစက်လှေငယ်နားကိုချဉ်းကပ်ခဲ့ပြီး စစ်ဆေးရာမှာတော့ အသက် ၂၁ နှစ်ကနေ ၄၀ အရွယ် အမျိုးသား ၃ ဦးကိုတွေ့ရှိရပြီး မြန်မာနိုင်ငံသားတွေလို့ ထွက်ဆိုကြကာ နေထိုင်အလုပ်လုပ်ခွင့်စာရွက်စာတမ်း တစုံတရာမတွေ့ရှိရတဲ့အတွက် အသေးစိတ်စစ်ဆေးနိုင်ဖို့ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့စက်လှေမှာ လက်ရှိလုပ်ကိုင်သူနဲ့ လိုင်စင်ပါပိုင်ရှင်တို့ ကွဲပြားနေကြောင်း တွေ့ရပြီး စက်လှေရဲ့ လည်ပတ်နေတဲ့ မြင်းကောင်ရေအားမှာလည်း လိုင်စင်ပါ အသုံးပြုခွင့်ထက် ကျော်လွန်နေကြောင်း ဆက်လက်စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့အတူ ငါးဖမ်းစက်လှေငယ်၊ ငါးဖမ်း ပစ္စည်းအားလုံးကို ကွာလာကွာအူရေကြောင်းဇုန်မှာ ခေတ္တထိန်းသိမ်းထားပြီး မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဉပဒေ၊ အလုပ်လုပ်ကိုင်ခွင့်တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။

၂၀၂၃ ခု ဧပြီ ၈ရက်နေ့ကလဲ မလေးရှားနိုင်ငံရေပိုင်နက် လန်ကာဝီဘက်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးတို့ပါဝင်တဲ့ သင်္ဘောတစီးကို မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။

Source - မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့ APMM

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024