ဇူလိုင် ၃ ရက်ဟာ ကမ္ဘာပေါ်မှာ စံချိန်တင် အပူဆုံးနေ့ဖြစ်တယ်လို့ အမေရိကန် အမျိုးသား သဘာဝပတ်ဝန်းကျင်အခြေအနေ ခန့်မှန်းတဲ့စင်တာက ထုတ်ပြန်ပါတယ်။
ကမ္ဘာတဝန်း အပူလှိုင်းတွေ တိုက်ခတ်လာခဲ့လို့ ဇူလိုင် ၃ ရက်မှာ ကမ္ဘာ့ ပျမ်းမျှအပူချိန်ဟာ ၁၇ ဒသမ ၀၁ ဒီဂရီ စင်တီဂရိတ်အထိရောက်ရှိခဲ့ပြီး ဒါဟာ ၂၀၁၆ ခုနှစ် သြဂုတ်လ စံချိန်တင် ထားတဲ့ ပျမ်းမျှအပူချိန် ၁၆ ဒသမ ၉၂ ဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်သွားတာဖြစ်ပါတယ်။
မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း အမေရိကန် အနောက်တောင်ပိုင်းမှာ ပြင်းထန်တဲ့ အပူရှိန် အောက်မှာ ခံစားနေကြရတာပါ။
တနင်္လာနေ့က အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ အပူချိန် ၄၆ ဒီဂရင်စင်တီဂရိတ် ( ၁၁၆ ဖာရင်ဟိုက်ဒီဂရီ) ရောက်ရှိခဲ့ပြီး အခုနှစ်အထိ မြို့တော်ရဲ့ အပူဆုံးနေ့ဖြစ်တဲ့ နေ့စွဲနဲ့ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။
တက္ကဆက်ပြည်နယ် တောင်ပိုင်းမှာ အမြင့်ဆုံးအပူချိန်ဟာ မကြာသေးမီက ၄၈ ဒီဂရီ စင်တီဂရိတ်ကို မြင့်တက်လာခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ် အထက်မှာ မြဲနေတဲ့ အပူလှိုင်းတခု ဆက်ဖြစ်ခဲ့ပါတယ်။
မြောက်အာဖရိကမှာတော့ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိ ချဉ်းကပ်လာနေတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်နီးပါး မြင့်တက်လာတဲ့ အပူရှိန်ကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်က ဆေးရုံတွေမှာ ဖျားနာနေတဲ့ လူနာတွေနဲ့ ပြည့်နေခဲ့ပါတယ်။
အခုအချိန်မှာ ဆောင်းရာသီဖြစ်နေတဲ့ အန္တာတိကတိုက်မှာတောင် အပူချိန်က ထူးထူးခြားခြား မြင့်မားနေပါတယ်။
အာဂျင်တီးနားကျွန်းစုမှာရှိတဲ့ ယူကရိန်းနိုင်ငံက ဗာနဒ်စကီ သုတေသနအခြေစိုက်စခန်းရဲ့ မှတ်တမ်းအရ မကြာသေးမီက စခန်းရဲ့ ဇူလိုင်လ အပူချိန်စံချိန်ကို ၈ ဒသမ ၇ စင်တီဂရိတ်နဲ့ ချိုးဖျက်ခဲ့ပါတယ်။