ကိုလံဘီယာနိုင်ငံမြောက်ပိုင်း ပနားမားနယ်စပ်အနီးမှာ ကိုလံဘီယာစစ်တပ်က တရုတ်ရွှေ့ပြောင်းအခြေချသူ အယောက် ၃၀ ကို ဇူလိုင် ၄ ရက်က ပင်လယ်ပြင်မှာ တွေ့ရှိခဲ့ပါတယ်။
စစ်တပ်ရဲ့ အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ဟာ လှေတစီးအတွင်းမှာ အာရှရွှေ့ပြောင်းနေထိုင်သူတွေကို တွေ့ရှိခဲ့ပြီး သူတို့ကို ကာဘို တီဘူရွန် ဧရိယာကတဆင့် တရားမဝင်ပို့ဆောင်ဖို့ ကြိုးစားနေတဲ့ ကိုလံဘီယာနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း အူရာဘား ကမ်းရိုးတန်းစောင့်စခန်းမှ ဒုဗိုလ် အဒ်ဂါ ဖှာဘီယန် ပေါရပ်စ် ဒူရန်က အကြောင်းကြားခဲ့ပါတယ်။
“ပင်လယ်ပြင်မှာ လူသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်တဲ့ လုပ်ဆောင်ချက်တွေနဲ့အညီ ရေတပ်ဟာ တရုတ်နိုင်ငံသား အမျိုးသား အမျိုးသမီး ၃၀ ဦးကို ရွှေ့ပြောင်းနေထိုင်မှု အခြေအနေမှာ ကယ်ဆယ်နိုင်ခဲ့တယ်” လို့ သူကပြောပါတယ်။
ဒီလူတွေကို တရားမဝင်ပို့ဆောင်ဖို့ ကြိုးစားခဲ့ပြီး သူတို့ကို ပင်လယ်ထဲမှာ အန္တရာယ်ဖြစ်စေကာ ကာဘို တီဘူရွန် ဧရိယာမှာ ဒုက္ခတွေ့စေခဲ့တဲ့ ကိုလံဘီယာနိုင်ငံသား သုံးဦးလိုက်ပါလာတဲ့ အမြန်ရေယာဉ်ကို အမြန်တုံ့ပြန်ရေးတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကုန်းပေါ်မှာ အမျိုးသမီး ၄ ဦး အပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဆေးစစ်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။