အင်ဒိုနီးရှားနိုင်ငံ၊ ယိုဂျာကာတာပြည်နယ်မှာ ထောင့်သန်းရောဂါပိုးရှိတဲ့ အမဲသားတွေ စားသုံးတာကြောင့် လူ ၃ ဦးသေဆုံးပြီး ၉၃ ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဇူလိုင် ၄ ရက်မှာ အတည်ပြု ပြောပါတယ်။
ထောင့်သန်းရောဂါဟာ ကျွဲ နွား ဆိတ် တို့လို တိရစ္ဆာန်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ပြင်းထန်ကူးစက်ရောဂါဖြစ်ပြီး လူသားတွေအနေနဲ့ ထောင့်သန်းဒဏ်ခံ တိရစ္ဆာန်တွေနဲ့ ထိတွေ့တဲ့အခါ (သို့) သူတို့ရဲ့အသားကို စားသုံးမှသာ ကူးစက်နိုင်ပါတယ်။
ခရိုင်ကျန်းမာရေးအေဂျင်စီအကြီးအကဲ အီရာဝါတီက “ယိုဂျာကာတာမြို့မှာ အသက် ၇၃ နှစ်အရွယ် လူတဦး ဖျားနာပြီး သေဆုံးခဲ့ပါတယ်။ ဆေးစစ်ချက်အရတော့ ဗိုင်းရပ်စ်ရှိတဲ့ နွားသားကို စားသုံးခဲ့လို့ သေဆုံးခဲ့တာပါ” လို့ ပြောပါတယ်။
သေဆုံးတဲ့သူဟာ ရပ်ကွက်ထဲမှာနေထိုင်တဲ့သူတွေကို နွားသား ဒါဇင်နဲ့ချီပြီး ဝေခဲ့တာ ဖြစ်တဲ့အတွက် ရပ်ကွက်နေထိုင်သူ ၁၂၅ ယောက်ကို သွေးစစ်ခဲ့ပြီး ၈၅ ယောက်မှာ ပိုးတွေ့ရှိခဲ့ပါတယ်။
ဂျီနောင်းကီဒယ်ခရိုင်မှာလည်း ရောဂါပိုးရှိတဲ့နွားသား စားပြီး ၂ ဦး သေဆုံးကာ ၈ ဦး ပိုးရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဝန်ကြီးဌာနဗျုရိုက ထုတ်ပြန်ပါတယ်။
“ဗိုင်းရပ်စ်ကူးစက်တဲ့သူ အများစုဟာ ဝမ်းလျှောတာ၊ အရေပြားမှာ အနာပေါက်တာ၊ လက်တွေနီမြန်းပြီး အဖုလေးတွေ ဒါမှမဟုတ် ရောင်ရမ်းတာလိုမျိုး လက္ခဏာတွေ ပြသပါတယ်။ ဒါပေမဲ့ ခုချိန်မှာ ကူးစက်တဲ့သူတွေဟာ ပဋိဇီဝဆေးတွေ စားသုံးနေကြပါပြီ” လို့ ကျန်းမာရေးတာဝန်ရှိသူက ပြောပါတယ်။
ဒေသဆိုင်ရာအာဏာပိုင်တွေက ရောဂါဖြစ်ပွားတဲ့ နေရာတဝိုက်ကို အနီရောင်ဇုန်အဖြစ် သတ်မှတ်ပြီး ဒေသခံတွေကို ကျန်းမာတဲ့ တိရစ္ဆာန်အသားကိုသာ စားသုံးဖို့ တိုက်တွန်းခဲ့ပါတယ်။