မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံလိုက်ရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ရေကြီးရေလျှံဖြစ်ပေါ်ကာ သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့သလို ရေမြောင်းတွေ တိမ်ကောသွားလို့ စိုက်ပျိုးရေးပြန်လုပ်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းမှာ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးအဆမတန်ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပေါ်ကာ နွေနှမ်းစိုက်ဧက ၅၀၀ ကျော်လောက် ပျက်စီးဆုံးရှုံးခဲ့တာပါ။
ဒါ့အပြင် ဘုန်းကြီးကျောင်းတွေ၊ နေအိမ်တွေကိုလည်း ရေတွေဝင်ရောက်ခဲ့ကာ ရေမြောင်းတွေ ပျက်စီးသွားပြီး အခက်အခဲ ဖြစ်နေကြတယ်လို့ Rocket Fighter PDF ရဲ့ တာဝန်ခံ ဗိုလ်လပြည့်က ပြောပါတယ်။
စစ်ကြောင်းထိုးလို့ ရွာပြင်မှာ တိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ မုန်တိုင်းဒဏ်ကိုပါ ခံစားခဲ့ရလို့ စစ်ကြောင်းကြောက်ရ၊ မုန်တိုင်းကြောက်ရနဲ့ ဆိတ်တွေ၊ နွားတွေလည်း မျောပါသွားပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
ချောင်းနားကျေးရွာ ဒေသခံတယောက်က “ကျနော်တို့ရွာတွေက မြေနုကျွန်း မြေနိမ့်ပိုင်းဒေသ ဖြစ်ပြီး အစိုးရတရပ်ရှိတုန်းကတော့ ချောင်းနား၊ ပြစ်ထဲ၊ သဲတော်ယာ၊ ကိုင်လယ်၊ ကျောက္ကာ ကျေးရွာအုပ်စု ငါးအုပ်စုမှာ နွေနှမ်းစိုက်ဧက ၄၀၀ ကျော်လောက်ကို ရေစုပ်စက်နဲ့တင်ပြီး စိုက်ပျိုးကြတာ” လို့ ပြောပါတယ်။
မေ ၁၂ ရက်ကနေ ၃ ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းခဲ့လို့ ရေကြီးရေလျှံဖြစ်ပေါ်ကာ စိုက်ပျိုးထားတဲ့နှမ်းတွေ ပွင့်ဖူးစဥ်၊ အသီးစသီးချိန်မှာ ရေနစ်ပြီးတော့ အကုန် ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ ဆိုပါတယ်။
မိုးစပါးစိုက်ပျိုးနိုင်ဖို့အတွက်လည်း မျိုးစပါးတွေ ဝေငှပေးမယ့် အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်အားနည်းနေပြီး မျိုးစပါးတွေ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မေ ၂၅ ရက်မှ ၂၇ ရက်အထိ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်ကာ ချောင်းနားရွာက အိမ်ခြေ ၁၅၀ လောက် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး တခြားကျေးရွာတွေမှာ စစ်ဘေးရှောင်အဖြစ်နဲ့ နေနေကြရတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
မြေခြားကျေးရွာ ဒေသခံတောင်သူတယောက်က “မုန်တိုင်းရော၊ မိုးရောဆိုတော့ ရေတွေလျှံပြီးတော့မှ အကုန်လုံး စိုက်ခင်းတွေ နစ်သွားတယ်။ ကျနော်တို့အနေနဲ့ကတော့ နွေနှမ်း တဧကခွဲလောက် ပျက်စီးဆုံးရှုံးခဲ့တယ်” လို့ ပြောပါတယ်။
မိုးစပါးစိုက်ပျိုးဖို့အတွက် ချောင်းရေတွေကျပြီး ဒေါင်းသာ-သီးချောက်မြောင်း တိမ်ကောသွားလို့ စပါးစိုက်ပျိုးဖို့ ရေမရရှိတော့ အဲဒီမြောင်းကို ပြန်လည်တူးဖော်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းတွေ လာရောက် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၃၀ ကျော်ရှိတဲ့ အနက် ၆၀ ကျော်လောက် မီးဘေးသင့်ခဲ့ပြီး တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်နေရကာ မိုးကာတွေတော့ အထောက်အပံ့ရရှိခဲ့ပြီး စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
မိုးတွင်းကာလ ကျရောက်ပြီ ဖြစ်တာကြောင့် တောတောင်တွေနဲ့ ဘေးကင်းတဲ့နေရာတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ မုန်တိုင်းသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်ချက်တွေကို သက်ဆိုင်ရာ မြို့နယ်ပအဖအဖွဲ့တွေ၊ လူသားစာနာ တာဝန်ခံတွေကနေတဆင့် ပူးပေါင်းထောက်ပံ့ပေးနေတယ်လို့ NUG အစိုးရ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ဇွန် ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။