အိန္ဒိယနိုင်ငံမှာ ဇူလိုင် ၄ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၃ တောင်အာရှဖလား (SAFF) ဗိုလ်လုပွဲမှာ အိမ်ရှင် အိန္ဒိယလက်ရွေးစင်အသင်းက ကူဝိတ်လက်ရွေးစင်အသင်းကို ပင်နယ်တီ အဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း တဖက်တဂိုးစီ သရေကျခဲ့လို့ အချိန်ပို ဆက်လက်ယှဥ်ပြိုင်ရာ နှစ်သင်းလုံး ဂိုးမသွင်းနိုင်တဲ့အတွက် ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ ကူဝိတ်အသင်းက ၂ ဂိုး လွဲချော်ခဲ့ပြီး အိန္ဒိယအသင်းက တဂိုးသာ လွဲချော်ခဲ့တာကြောင့် အိန္ဒိယတို့ ချန်ပီယံဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲအကောင်းဆုံးဆုတွေဖြစ်တဲ့ အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးအများဆုံးဆုကို အိန္ဒိယကစားသမား ချက်ထရီက ရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို ဘင်္ဂလားဒေ့ရှ် ဂိုးသမား ရာမန်ဇီကိုက ရရှိခဲ့ကာ အသန့်ရှင်းဆုံးအသင်းဆုကို နီပေါလက်ရွေးစင်အသင်းက ရရှိခဲ့ပါတယ်။
အိန္ဒိယအသင်းနဲ့ ဆုဖလားရရှိခဲ့တဲ့ ခရိုအေးရှားနိုင်ငံသား နည်းပြ အီဂေါစတီမက်ဟာ တောင်အာရှဖလား (SAFF) ပြိုင်ပွဲ ချန်ပီယံဆုကို ရရှိခဲ့တဲ့ ပထမဆုံး နိုင်ငံခြားသားနည်းပြ ဖြစ်လာပါတယ်။
အိန္ဒိယလက်ရွေးစင်အသင်းဟာ နောက်ဆုံး ၂ ကြိမ်ဆက် ဆုဖလားရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲသမိုင်းတလျေှာက် အအောင်မြင်ဆုံးအသင်းအဖြစ် ၉ ကြိမ်နဲ့ ရပ်တည်နေပါတယ်။