မန်ချက်စတာယူနိုက်တက်အသင်းဘက်က သက်တမ်းတိုးဖို့ ကြန့်ကြာခဲ့တာကြောင့် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာလို့ မန်ယူအမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး အလက်ဆီယာရုဆိုက ပြောပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ မနှစ်က ယူနိုက်တက်ရဲ့ လိဂ်သွင်းဂိုးအများဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီဝက်ကာလကတည်းက အာဆင်နယ်ဘက်က အမျိုးသမီးကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၅ သိန်းအထိ နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့တာပါ။
ဒါပေမဲ့ မန်ယူအသင်းက ရောင်းချဖို့ ပယ်ချခဲ့ပြီး နောက်ဆုံးမှာတော့ ပြောင်းရွှေ့ကြေးမရဘဲ လက်လွှတ်ခဲ့ရတာပါ။
“အာဆင်နယ်အသင်းက ကစားသမားတိုင်းလိုပဲ ကျမလည်း ဆုဖလားတွေ ရယူချင်ပါတယ်။ အမျိုးသမီးဘောလုံးပွဲတွေဟာလည်း မယုံကြည်နိုင်လောက်အောင် ပိုမိုတိုးတက်လာတယ် ဆိုပေမဲ့ အာဆင်နယ်လို အသင်းမျိုးတွေမှာပဲ ရှိတာပါ။ ဝုဖ်ဘက်နဲ့ အာဆင်နယ်တို့ ကစားခဲ့တဲ့ အီမရိတ်ပွဲစဉ်က သက်သေပါပဲ” လို့ ရုဆိုက ပြောပါတယ်။
အင်္ဂလန်ရဲ့ အနာဂတ်တိုက်စစ်မှူးအဖြစ် တင်စားခံရသူ အလက်ဆီယာရုဆိုဟာ ယူရိုချန်ပီယံ အင်္ဂလန်အသင်းမှာလည်း ပါဝင်ခဲ့ပြီး အင်္ဂလန်အတွက် စုစုပေါင်း ၂၂ ပွဲမှာ ၁၁ ဂိုးသွင်းခဲ့ပါတယ်။