ချင်းတိုင်းရင်းသားတွေနဲ့ နာဂတိုင်းရင်းသားတွေရဲ့ ရိုးရာ နပန်းပွဲတခုကို အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပိုလစ်မြို့မှာ အခုနှစ် ဇူလိုင်လအတွင်း ကျင်းပသွားဖို့ရှိနေတယ်လို့ ပွဲဖြစ်မြောက်ရေးဦးဆောင် စီစဉ်နေသူတွေဆီက သိရပါတယ်။
ချင်းတိုင်းရင်းသားတွေနဲ့ နာဂရိုးရာနပန်းသမားတွေ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမယ့် ရိုးရာနပန်းပွဲကို Chin Youth Organization North America ချင်းလူငယ်အဖွဲ့က စီစဉ်နေတာ ဖြစ်ပြီး ဇူလိုင် ၇ ရက်ကနေ ၈ ရက် အထိ ၂ ရက်တိုင်ကျင်းပမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ အိန္ဒိယနိုင်ငံ၊ နာဂပြည်နယ်က ရိုးရာနပန်းချန်ပီယံ နှစ်ကြိမ်ရရှိတဲ့ Venuzo Dawhuo နဲ့ အဖွဲ့ဝင်တွေ အမေရိကန်နိုင်ငံကိုသွားနေပြီလို့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း အမေရိကန်ရောက် ချင်းတိုင်းရင်းသားနပန်းသမားတွေ နာဂပြည်နယ်ကို သွားရောက်ခဲ့ပြီး နာဂနပန်းသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရာ နာဂနပန်းသမားက ပထမဆုရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။