ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP) ရဲ့ ဒုဥက္ကဋ္ဌ ခိုင်နီရောင်အပါဝင် တပ်ရင်းမှူးတစ်ဦးနဲ့ တပ်သားတစ်ဦး လုပ်ကြံခြင်းရတာနဲ့ပတ်သက်လို့ ALP ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)ဘက်က တုံ့ပြန်ပါတယ်။
ဇူလိုင် ၁ ရက် နေ့လယ်က စစ်တွေတက္ကသိုလ်အနီးမှာ ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ အမှတ် ၁၀၁ တပ်ရင်းမှူး ခိုင်ကျော်မင်းနဲ့ တပ်သား ခိုင်ကျော်ကျော်နိုင်တို့ ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရကို ရက္ခိုင့်တပ်တော်(အေအေ)က လုပ်ကြံတာလို့ ALP က စွပ်စွဲ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အေအေ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက " ALP ရဲ့ ထုတ်ပြန်ချက်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်ပါတယ်။ ဒီကိစ္စက ကျနော်တို့နဲ့ ဘာမှပတ်သက်မှု မရှိဘူး။ သူတို့ ALP ပါတီအတွင်းက သူတို့ရဲ့ အကွဲအပြဲတွေ သူတို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် ခေါင်းဆောင်ပိုင်းအာဏာလုမှုတွေ စီးပွားရေး အရှုပ်အထွေးတွေ ဒီလိုမျိုး သူတို့ အဖွဲ့အစည်းအတွင်းက ပြဿနာတွေကြောင့်ပဲ၊ တဖက်နဲ့တဖက် လုပ်ကြံသတ်ဖြတ်မှု ဖြစ်လာတယ်လို့ ကျနော်မြင်ပါတယ်" လို့ပြောပါတယ်။
ဒါအပြင်စစ်တွေမြို့အတွင်းမှာ ALP တပ်ဖွဲ့ဝင်တွေဟာ စစ်တွေမြို့အတွင်းမှာ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်ပြီး အနိုင်ကျင့်မှုတွေရှိသလို ပြန်ပေးဆွဲ ငွေညှစ်မှုတွေ ရှိတာကြောင့် မကျေနပ်တဲ့ သူတွေက လက်တုံ့ ပြန်တာလည်းဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။
အခုလုပ်ကြံသတ်ဖြတ်မှုဟာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်မှာဖြစ်ပြီး ရဲတပ်ရင်းနဲ့လည်း နီးကပ်နေတာကြောင့် ဒီကိစ္စမှာ ဘယ်သူတွေ ပါဝင်ပတ်သက်တယ်ဆိုတာ ရိုးရှင်းမှုမရှိဘူးလို့ အေအေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်တုန်းကလည်း စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားက ပွဲတက်ပြီး ပြန်လာတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စောမြအပါဝင် ထိပ်တန်းအရာရှိ ၃ ဦး အသတ်ခံခဲ့ရပြီး အေအေက လုပ်ကြံသတ်ဖြတ်တာလို့ ALP ကစွပ်စွဲခဲ့ပေမဲ့ အေအေဘက်က မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ဖူးပါတယ်။