အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးစွပ်စွဲ တရားစွဲဆိုကာ ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမိန့်ချပြီး အယူခံတင်ထားတဲ့ အမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဇူလိုင် ၅ ရက် နှစ်ဖက်ကြားနာမယ်လို့ တရားရေးနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။
ဒီအမှုတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံတင်ထားတဲ့ အတွက် စွပ်စွဲခံရသူ အမှုသည်တွေနဲ့ ရှေ့နေတွေကို တွေ့ခွင့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုထားပေမဲ့ တွေ့ခွင့်မရသေးတဲ့ အခြေအနေမှာ အခုလို ကြားနာမှု ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
ဒီအမှုတွေအားလုံးက သူတို့ဘက်က တရားရေးရာဝန်ကြီးဌာနနဲ့ ကြားနာရမှာလို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဇူလိုင် ၅ ရက်မှာ ရွေးကောက်ပွဲအမှုတွေနဲ့ နိုင်ငံတော်လျှို့ဝှက်အက်အမှု၊ ဇူလိုင် ၁၂ ရက်မှာ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေနဲ့ ဇူလိုင် ၁၈ ရက်နေ့မှာ တခြားကျန်တဲ့အမှုတွေကို ကြားနာသွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း အမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပုဒ်မအမျိုးမျိုးတပ်ကာ မတရားစွပ်စွဲ တရားစွဲဆို အမိန့်ချကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ထားသလို နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။