မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာမှာ ဇူလိုင် ၂ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ တနာရီကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ကျိုက်ထိုမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးမှာ မနက် ၉ နာရီခွဲကျော်ထိ ကားတန်းတွေ ပိတ်ဆို့နေပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ကြလို့ တိုက်ပွဲက ပြင်းထန်နေခဲ့တာပါ။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “ကျိုက်ထိုမြို့ မနက် ၆ နာရီလောက်ကတည်းက အင်္ဂဘိုကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက် ကင်းပုန်းဝပ်ဖို့ လာတာကို တော်လှန်ရေး ပူးပေါင်းအဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး တော်လှန်ရေး ပူးပေါင်းအဖွဲ့ကလည်း ရဲဘော်တယောက် ပေါင်မှာ ကျည်ရှပ်ထိမှန်ခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အခုရက်တွေမှာ စစ်အင်အားတွေ ပိုမို ဖြည့်တင်းလာတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထပ်မံတိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာလည်း မဲကနယ်ကျေးရွာထဲကို ဇွန် ၃၀ ရက် ည ၇ နာရီ မိနစ် ၂၀ လောက်က စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတယောက်နဲ့ မိန်းကလေးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ် ခလရ ၂၇၅ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးနဲ့ ၄ ချက် ကျေးရွာထဲကို ပစ်ခတ်ခဲ့ရာမှာ မဲကနယ်ကျေးရွာနေ နော်ကာ့ညာ့မိုး (ခ) နော်မငို (၇၆ နှစ်) နဲ့ နော်အယ်ဖောခလိ (၁၀ နှစ်) တို့ ခြေထောက်ထိမှန် ဒဏ်ရာရရှိသွားပါတယ်။
ဒါ့အပြင် စစ်တပ်က လေယာဥ်နဲ့ ညဘက်တွေဆို အမြဲပျံဝဲနေတာကြောင့် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ ၂၈၃ တပ်ရင်းကလည်း ဇွန် ၃၀ ရက် ည ၈ နာရီ ၅၀ မိနစ်လောက်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နို့တကောကျေးရွာအုပ်စု၊ တကူခီး (ခ) တဂေးကျေးရွာ ရော်ဘာခြံထဲကို ကျရောက်ပေါက်ကွဲပြီး တဂေးကျေးရွာနေ အသက် ၄၄ နှစ်အရွယ် စောပိုပို (ခ) စောစိုးလင်း လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒူးပလာယာခရိုင် တာဝန်ရှိသူက ပြောပါတယ်။
ဒူးပလာယာခရိုင် အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်မှုတွေကြောင့် ပြည်သူလူထု စိုးရိမ်ထိတ်လန့်နေကြပြီး နေအိမ်မှာ မနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီတာဝန်ရှိသူတွေထံကို ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိပါဘူး။