အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမောမြို့မှာ ဇူလိုင် ၂ ရက် အစောပိုင်းက အစုလိုက် အပြုံလိုက် ပစ်ခတ်မှုတခုအတွင်း လူ ၂ ဦးသေဆုံးကာ ၂၈ ဦးအထိ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဒီရက်သတ္တပတ်အဆုံး အားလပ်ရက်တခုမှာ လမ်းတွေပိတ်ဆို့ကာ စုဝေးကျင်းပတဲ့ ပါတီပွဲအတွင်း ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီဖြစ်ရပ်အတွင်း အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၂၀ အရွယ် အမျိုးသားတဦးတို့ သေဆုံးခဲ့ရတဲ့အပြင် နောက်ထပ် ၃ ဦးဟာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ ဘော်လ်တီမောမြို့ရဲ့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဒီမြို့ဟာ ဝါရှင်တန်ဒီစီမြို့တော်ရဲ့ မိုင် ၄၀ အကွာမှာ တည်ရှိနေတာဖြစ်ပြီး တရားခံတဦး ဒါမှမဟုတ် တရားခံတွေကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဘော်လ်တီမော မြို့တော်ဝန် ဘရန်ဒန် စကော့နဲ့ ရဲဌာနကတော့ “ဒီစုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့သူတွေ တာဝန်မခံမချင်း အနားယူမှာမဟုတ်ဘူး” ဆိုပြီး ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပုံမှန်အားဖြင့် ချီတက်ပွဲတွေ၊ အသားကင်တွေ၊ မီးရှူးမီးပန်းတွေနဲ့အတူ အမေရိကန် နိုင်ငံသားတွေ စုဝေးလေ့ရှိတဲ့ ဇူလိုင် ၄ ရက် အားလပ်ရက်ရဲ့ အစမှာ ဒီဖြစ်ရပ်ဆိုးကြောင့် တမြို့လုံးကို တုန်လှုပ်စေခဲ့ပါတယ်။
လူရာနဲ့ချီ တက်ရောက်ခဲ့ကြတဲ့ ဘော်လ်တီမောမြို့က ဘရွတ်ကလင်း ဟုမ်းစ်ရပ်ကွက်ရဲ့ “ဘရွတ်ကလင်းနေ့” စုဝေးပါတီပွဲမှာ ညသန်းခေါင်ကျော်ပြီးတဲ့နောက် ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Fox 45 ရုပ်သံဌာနကို မျက်မြင်သက်သေတဦးက ဖြေဆိုရာမှာ သေနတ်ပစ်ခတ်သံ အကြိမ် ၂၀ ကနေ ၃၀ လောက်အထိ ကြားခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခင်းဖြစ်ရာနေရာက လူ ၉ ဦးကို ဒေသတွင်းဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့တဲ့အပြင် တခြားထိခိုက်မိခဲ့တဲ့ အယောက် ၂၀ ကလည်း ဆေးရုံတွေဆီ ရောက်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မတ်စတာ ဟာဘာဆေးရုံရဲ့ အရေးပေါ်ဌာနကတော့ ဒီဖြစ်ရပ်ပြီးနောက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ လူနာ ၁၉ ဦးကို ကုသပေးခဲ့ပြီး ဒီလူအားလုံးဟာ သေနတ်ဒဏ်ရာချင်း တူညီပေမဲ့ ထိခိုက်မှုကွာခြားတယ်လို့ အီးမေးလ်ကတဆင့် အကြောင်းပြန်ခဲ့ပါတယ်။