Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအမျိုးသမီးတဦး သယ်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
July 3, 2023
357783616_797199185281029_8433072704547583304_n

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ့်ဖာလုံမြို့နယ်ထဲက ထိုင်းနယ်ခြားစောင့် စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့ စုံစစ်ဆေးရေးဂိတ်မှာ အသက်မပြည့်သေးတဲ့ မြန်မာအမျိုးသမီးတဦး မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်တစီးကို စစ်ဆေးရာကနေ ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအခြေစိုက် Maesai press သတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင် ၁ ရက် မနက်အစောပိုင်း ၃ နာရီ ၄ဝ မိနစ်လောက်မှာ မယ့်ဖာလုံမြို့နယ်၊ သက်ထိုင်းကျေးရွာအုပ်စု၊ ဘန်းမုံးခလမ် အမှတ် ၉ နယ်မြေ မုံးအိမ်ကိုးလုံးကျေးရွာနားက လမ်းအတိုင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးကို မသင်္ကာဖွယ်တွေ့ရှိလို့ ထိုင်းအမှတ် ၁ နယ်ခြားစောင့်တပ်နဲ့ ချောင်တပ်ချ်တပ်ရင်းတို့က စစ်ဆေးဖမ်းမိခဲ့တာပါ။

ထိုင်း-မြန်မာနယ်စပ်တလျှောက် တရားမဝင်လမ်းကြောင်းတွေကို ထိထိရောက်ရောက် စစ်ဆေးနေတာဖြစ်ပြီး မူးယစ်ဆေးဝါးတွေ နိုင်ငံတွင်း မဝင်ရောက်စေရေး အထူးကြပ်မတ် စောင့်ကြည့်စစ်ဆေးနေရာကနေ အခုလို ဖမ်းမိခဲ့တာလို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ အရာရှိတဦးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးကို စစ်ဆေးရာ အသက် ၁၇ နှစ်အရွယ် မြန်မာလူမျိုး ဖြစ်ပြီး ဆိုင်ကယ်နဲ့အတူ သယ်ဆောင်လာတဲ့ ကောက်ရိုးအိတ်အတွင်းမှာ Sponsor အချိုရည်ပုလင်း ၄ လုံးထဲ ထည့်သွင်းသယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ဘိန်းဖြူ ၁၄ ဂရမ်၊ ဆိုင်ကယ်ထိုင်ခုံအောက် အကန့်နေရာအတွင်းက ဘိန်းစိမ်း ၃ တုံး၊ ရွှေတော်ဝင်ရွှေဆိုင် အဝယ်ဘောက်ချာစာရွက်ပါ ရွှေဟမ်းချိန်းတချောင်း၊ မိုဘိုင်းဖုန်းတလုံးနဲ့ ထိုင်းဘတ်ငွေ ၄၆ဝ တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ အသက်မပြည့်သေးတဲ့ မြန်မာအမျိုးသမီးတို့ကို ထိုင်းနိုင်ငံ ဥပဒေတွေအရ အရေးယူနိုင်ဖို့ မယ့်ဖာလုံရဲစခန်းကို ပို့ဆောင်ခဲ့ပါတယ်။

မြန်မာဘက်ခြမ်း တာချီလိတ်မြို့မှာ ဇွန် ၁၉ ရက်က နှစ်နိုင်ငံ နယ်စပ်ဒေသ မြို့နယ်အဆင့် မူးယစ်ဆေးဝါး တရားမဝင် ဝင်ရောက်လာမှု မရှိစေရေး ဆွေးနွေးခဲ့အပြီး အခုလို ဆက်တိုက်ဖမ်းမိတာလည်း ဖြစ်ပါတယ်။

Source - MAESAIPRESS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024