ထိန်းချုပ်လှုပ်ရှားနယ်မြေတွေထဲမှာ နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးသူတွေ၊ အကြမ်းဖက်တာနဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူမယ်လို့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တပ်မတော်တွေက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(ကိုးကန့်-MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(တအာင်းပလောင်-TNLA) နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ ပူးတွဲကြေညာတာဖြစ်ပြီး သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ လှုပ်ရှားနယ်မြေတွေထဲမှာ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုတွေကို ချေမှုန်းရေး အတူတကွလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ သူတပါးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်စေနိုင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကျူးလွန်သူတွေကို ဘယ်အခါမှ အားမပေးဘဲ တိုက်ဖျက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ဖော်ပြထားပြီး ရာဇဝတ်မှု ကျူးလွန်တာနဲ့ပတ်သက်တဲ့ ပစ္စည်းဥစ္စာတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းစစ်ဆေးပြီး နည်းမှန်လမ်းမှန်အရေးယူသွားမယ်လို့ ဆိုပါတယ်။
အကြမ်းဖက်လုပ်ရပ်နဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို အကာအကွယ် ပေးနေသူတွေကိုလည်း အရေးယူးမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို နှောင့်ယှက် ဖျက်ဆီးသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူမယ်လို့ဆိုပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်တွေကို နှောင့်ယှက်သူ ဆက်ကြေးတောင်းသူတွေကိုလည်း အရေးယူမယ်လို့ ဆိုပါတယ်။
ပြီးတော့ လူကုန်ကူးတာနဲ့ အတင်းအဓမ္မ လုပ်အားခိုင်းစေသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။