မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ကလီဗာလေဟာ ကစားသမားဘဝကနေ အနားယူသွားပါတယ်။
ကလီဗာလေဟာ ဝက်ဖို့ဒ်အသင်းမှာ နောက်ဆုံး ကစားခဲ့တာဖြစ်ပြီး အနားယူချိန်မှာ အသက် ၃၃ နှစ်သာ ရှိပါသေးတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာပြဿနာတွေရှိခဲ့တာကြောင့် ကစားသမားဘဝကနေ ခပ်စောစော အနားယူလိုက်ရတာပါ။
ကလီဗာလေဟာ လူငယ်ကစားသမားဘဝကို မန်ယူ နိုက်တက်အသင်းမှာစတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ကနေ ၂၀၁၄ ခုနှစ်အထိ ယူနိုက်တက်အတွက် စုစုပေါင်း ၇၉ ပွဲကစားခဲ့ရာမှာ ၅ ဂိုးသွင်းခဲ့ပါတယ်။
အဲဒီနောက် အက်စ်တွန်ဗီလာမှာ အငှားကစားရင်းကနေ မန်ယူအသင်းကနေ အပြီးသတ် ထွက်ခွာ ခဲ့တာပါ။
၂၀၁၅ ခုနှစ်မှာ အဲဗာတန်၊ ၂၀၁၇ ခုနှစ်မှာ ဝက်ဖို့ဒ်အသင်း ဆီပြောင်းရွှေ့ကစားခဲ့ပြီး မနှစ်က ရာသီအထိ ဆက်လက်ကစားခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင်အသင်းမှာ ၁၃ ပွဲ ကစားပေးခဲ့ပါတယ်။ မန်ယူအသင်းနဲ့အတူ ၂၀၁၂-၂၀၁၃ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဆွတ်ခူးရယူနိုင်ခဲ့တာက အမြင့်မားဆုံး အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။