မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ လမ်းနဲ့ ၁၀၂ လမ်းထောင့်မှာ ဇွန် ၂၉ ရက် ည ၈ နာရီလောက်က လူကို ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဆိုင်ကယ်နဲ့ ၅၈ လမ်းဘက်က ပြန်အလာ ၁၀၂ လမ်းထောင့် အရောက်မှာ လူ ၄ ဦးက တားဆီးပြီး ဓားနဲ့ခုတ်ရာ အသက် ၂၅ နှစ်အရွယ် အမျိုးသားရဲ့ လက်နှစ်ဖက်မှာ ဓားဒဏ်ရာတွေရရှိခဲ့ပြီး Scoopy အမျိုးအစား ဆိုင်ကယ်ကို လုယက်သွားခဲ့တာပါ။
မျက်မြင်တဦးက “လက်နှစ်ဖက်လုံး ဓားရှရာက အတွင်းထဲအထိ မြင်ရတယ်။ များတယ်လို့ ပြောရမယ့် အနေအထားရှိတယ်။ အဲဒီနေရာက လူပြတ်တော့ ဒုစရိုက်သမားတွေအတွက် ခွင်ဖြစ်နေတယ်။ အရင်ကလည်း လုယက်ခံရတာတွေရှိတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူ အမျိုးသားဟာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ အခင်းဖြစ်ပွားရာအနီးက ပြည်သူတွေဆီက သိရပါတယ်။