ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်၊ တံခွန်တိုင်ကျေးရွာအနီးက တောင်ညိုတောင်ခြေတဝိုက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေ့ည လက်နက်ကြီးနဲ့ ကျေးရွာတွေအတွင်းကို ပစ်ခတ်နေတဲ့အတွက် ရွာသား ၃,ဝဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၆ ရက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာကနေ ကရင်ပြည်နယ်၊ ကျိုက်ကမော့တောင်ခြေ အနီးတဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အတွက် ဇွန် ၂၈ ရက်ကစတင်ပြီး တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ခလယ်၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူ၊ ပူးလိန်၊ နန်းသိုင်းထွန်ကျေးရွာက ဒေသခံ ၃,ဝဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဒေသခံတဦးက “စစ်ကြောင်းထိုးလာတော့ ဘယ်သူမှ မနေရဲတော့ဘူး။ လုပ်နေတဲ့အလုပ်တွေ ပစ်ထားခဲ့ရတယ်။ အခုက လယ်နဲ့ ခြံတွေထဲ ဆင်းနေရတဲ့အချိန်။ လက်နက်ကြီးကလည်း နေ့ရောညရော ပစ်ခတ်နေတော့ နေလို့ ဘယ်လိုမှမဖြစ်တော့ဘူး။ စစ်ကြောင်းဝင်လာရင်လည်း အကြမ်းဖက်တာတွေက အနည်းနဲ့အများ ဖြစ်လာမှာကို စိုးရိမ်ပြီး ပြေးနေရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်လာဖို့ရှိပြီး အခြေအနေက အကောင်းဘက်ကို ဦးတည်မှာမဟုတ်သလို တိုက်ပွဲဖြစ်တိုင်း ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ပြေလည်မှုတွေရှိမှာတော့ မဟုတ်ဘူးလို့ KNLA တပ်မဟာ ၆ တပ်မှူးတဦးက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ တံခွန်တိုင်ကျေးရွာ ရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်၊ အမှတ် ၁၀၂၁ နယ်ခြားစောင့် (BGF) ပူးပေါင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စခန်းလုံခြုံရေးအပြင် နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတာဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက် မွန်ပြည်နယ် အဘစ်ကျေးရွာအခြေစိုက် အေမြာက်တပ်ရင်းက လက်နက်ကြီး ပစ်ကူပေး ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။