စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ဇွန် ၂၆ ရက်က စတင်ကာ ဒီနေ့ ၂၉ ရက်နေ့ထိ ၄ ရက်တိုင်တိုင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းပေါင်းပြီး ရွှေဘို-မြစ်ကြီးနား လမ်းတလျှောက် ချထားတာကြောင့် ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း ရွာ ၁၂ ရွာက ဒေသခံ ၈,၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။
ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာမှာ ဇွန် ၂၆ ရက်ကနေ ဒီနေ့ ၂၉ ရက်နေ့ထိ စစ်တပ်အင်အား ၁၀၀ ကျော် ၃ ညအိပ်ခဲ့ပြီး ယာယီတပ်စွဲကာ ရွှေဘို ကိုးပင်တပ်က စစ်ကြောင်းနဲ့ပေါင်းကာ ရွှေဘို-မြစ်ကြီးနား လမ်းတလျှောက် အင်အား ၃၀၀ ကျော် ချထားခဲ့ပြီး ခင်ဦးက စျေးသည်တွေ သွားလာဖို့ ခက်ခဲနေတာကြောင့် ခင်ဦးအရှေ့ဘက်ခြမ်းမှာ စားသောက်ကုန်တွေ ဝယ်ယူဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၆ ရက်က စတင်ပြီး အလယ်လျှို၊ ယောက်သွားအိုင်၊ ထနောင်းကိုင်းလေး၊ ညောင်ကန်၊ ကွမ်းတိုင်း၊ ကုလားလူး၊ တမုတ်၊ လက်ပံကုန်း၊ ရွာစဥ်၊ မြေနီလျို၊ ကြို့ကန်၊ သံဘို၊ ရွာသစ်၊ ရွှေပြည်သာ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၄ ရက်မြောက်ရှိပြီဖြစ်တဲ့အတွက် ခင်ဦးမြို့နယ်အရှေ့ဘက်ခြမ်း တနယ်လုံး စျေးရောင်းစျေးဝယ် ကား၊ ဆိုင်ကယ်တွေ သွားလာနိုင်ခြင်းမရှိတာကြောင့် ပိုက်ဆံရှိရင်တောင် ဝယ်မရဘဲ စားသောက်ကုန်တွေ အဓိက ခက်ခဲနေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ရွှေပြည်သာက ပြည်သူ ၃ ဦးနဲ့ ရွာသစ်အရှေ့က ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ခင်ဦးလမ်းဆုံအနောက်ဘက်က ကြက်မွေးမြူရေးခြံတွေကို မီးရှို့ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။