ထားဝယ်ပင်မသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၂ နှစ် ၄ လပြည့် အောက်မေ့ဖွယ် အမှတ်တရ အဖြစ် ဆီမီးထွန်းလှုပ်ရှားမှုတခုကို ထားဝယ်ခရိုင် ကံပေါက်ဒေသမှာ ဇွန် ၂၈ ရက် ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့လို့ ကိုဖေသန်း၊ ကိုသန်းဝင်း၊ ကိုလွင်လွင်ဦးနဲ့ ကိုဗညားအောင်တို့ လေးဦး အသက်ပေးခဲ့ရပြီး ဒဏ်ရာရသူတွေနဲ့ အဖမ်းခံရသူ အများအပြား ရှိခဲ့ပါတယ်။
ဇွန် ၂၈ ရက်ဟာ ထားဝယ်ပင်မသပိတ်မှာ အသက်ပေးဆပ်ခဲ့ရသူတွေရဲ့ ၂ နှစ်နဲ့ ၄ လပြည့် (၂၈ လ) လပတ်လည်နေ့ ဖြစ်ပါတယ်။
ထားဝယ်ဒေသမှာ သပိတ်လှုပ်ရှားမှုတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖြိုခွင်းသလို ဦးဆောင်သူတွေကိုလည်း ဖမ်းဆီးတာ၊ ဝရမ်းထုတ်တာတွေ ပြုလုပ်နေပေမဲ့ ဒီနေ့အထိ အကြမ်းမဖက် လူထုလှုပ်ရှားမှု သပိတ်လှုပ်ရှားမှုတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေဆဲ ဖြစ်ပါတယ်။