၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံလိုက်ရတဲ့ စစ်တွေမြို့ခံ ကိုအေးဝင်းဟာ ဇွန် ၂၈ ရက် မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သူနဲ့ရင်းနှီးသူတဦးက ပြောပါတယ်။
ကိုအေးဝင်းကို ချမှတ်ထားတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် နှစ် ၃၀ ကို လွတ်ငြိမ်းချမ်းခွင့်နဲ့ တမှုစီကို ၇ နှစ်ခွဲအထိ ၃ ကြိမ် လျှော့ပေါ့ပေးခဲ့ပြီး ဇွန် ၂၈ ရက်မှာ ချုပ်ရက်စေ့ကာ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ ထောင်က သွားရောက်ကြိုဆိုခဲ့တဲ့ သူ့ရဲ့မိတ်ဆွေက ပြောပါတယ်။
“ကိုအေးဝင်း ဒီနေ့လွတ်မြောက်လာတာ ဟုတ်ပါတယ်။ ချုပ်ရက်စေ့ပြီး လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းတယ်။ ကိုအေးဝင်းလို တခြား မတရား ဖမ်းခံထားရသူတွေကိုလည်း ပြန်ပြီး လွှတ်ပေးစေချင်တယ်။”
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က စစ်တွေမြို့ ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး၊ ပြည်နယ်မြေစာရင်းရုံးရှေ့နဲ့ ပြည်နယ်အုပ်ချုပ်ရေး အတွင်းရေးမှူး အိမ်အနီးတို့မှာ မိုင်း ၃ လုံး ပေါက်ကွဲမှုကြောင့် ကိုအေးဝင်း အပါအဝင် ဒေသခံ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲက ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကိုအေးဝင်း၊ ကိုမောင်မြင့်ကြည်၊ ကိုသန်းရွှေနဲ့ ကိုမောင်ဦးမြင့်တို့ကို စစ်တွေခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။
အဲဒီ ၄ ဦးထဲက ကိုမောင်မြင့်ကြည်နဲ့ ကိုသန်းရွှေတို့ကို လဝက ဥပဒေပုဒ်မ ၁၃(၁) နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီး ကိုမောင်ဦးမြင့်ကို ပြန်လွှတ်ပေးခဲ့ကာ ကိုအေးဝင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ဈ၊ ၅၀(ဈ)၊ ၅၀(ဈ) တို့နဲ့ အမှု ၃ ခုတပ်ကာ တရားစွဲဆိုခဲ့ပါတယ်။
တရားစွဲဆိုခံခဲ့ရတဲ့ ပုဒ်မ ၃ ခုအတွက် ကိုအေးဝင်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးက အမှုတခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်နဲ့ အမှု ၃ ခုအတွက် ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တာဖြစ်ပါတယ်။