Home
မြန်မာသတင်း
ဘားအံအခြေစိုက် တပ်မ ၂၂ အနီး ဗုံးပေါက်ကွဲ
DVB
·
June 28, 2023
356988439_1349724589221144_1540307800395553972_n
356648190_1349722302554706_519706400719941215_n

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၂၂ ခြံစည်းရိုးအနီးမှာ ဇွန် ၂၈ ရက် နေ့လယ် ၂ နာရီလောက်က ဗုံး ၂ လုံး ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားတချို့နဲ့ လာရောက်စစ်ဆေးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗိုလ်ချုပ်လမ်းမကြီး စံမတူထမင်းဆိုင်အကျော် (လမ်းကြား) တပ်မ ၂၂ ခြံစည်းရိုးအနီးမှာ ပထမအကြိမ် ပေါက်ကွဲခဲ့တာဖြစ်ပြီးနောက် အနီးအနားမှာရပ်ထားတဲ့ ဟိုက်ဂျက်ကားပေါ် ထပ်မံပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။

မြို့ခံပြည်သူတဦးက “ဗုံးပေါက်တာက တပ်မ ၂၂ ခြံစည်းရိုးနားမှာ ကပ်ပေါက်တာ။ အဲဒီနားမှာရှိတဲ့ လူတချို့နဲ့ လုံခြုံရေးအဖွဲ့တွေက သွားကြည့်တဲ့အချိန် ကားပေါ်က ဗုံးတလုံး ထပ်ပေါက်တော့ သွားကြည်တဲ့သူတွေပါ ထိကုန်တာ။ ဘယ်နှယောက်ထိခိုက်လဲဆိုတာ အတိအကျ မပြောတတ်ဘူး။ နောက် ဘယ်အဖွဲ့ကလုပ်တာလဲ မပြောတတ်ဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရဲတွေ ရောက်ရှိလာပြီး စစ်ဆေးတာတွေ၊ လမ်းသွားလမ်းလာတွေကို စောင့်ကြည့်တာတွေ၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့အတွက် မြို့ဝင်မြို့ထွက်နဲ့ မြို့တွင်း သွားလာသူနည်းပါးပြီး ဗုံးပေါက်ကွဲမှုကြောင့် မတရားဖမ်းဆီးခံရမှာကို မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် မနက် ၅ နာရီလောက်ကလည်း ဘားအံမြို့မရဲစခန်းအနီး ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး အဆိုပါ ဗုံးဖောက်ခွဲမှုကို Hpa an Guerilla Force (HGF) က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024