ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗန်ဒါပင်လမ်းမှာ ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ အမျိုးသားတဦးကို တွေ့ရှိခဲ့တယ်လို့ ပရဟိတအသင်းထံက သိရပါတယ်။
ဇွန် ၂၈ ရက် မနက် ၁ နာရီလောက်မှာ သွေးတွေနဲ့ လဲနေတဲ့ အမျိုးသားတဦးကို ပတ်ဝန်းကျင်က တွေ့ရှိခဲ့လို့ အကြောင်းကြားခဲ့ရာ ပရဟိတသမားတွေက ဆေးရုံပို့ဆောင်ခဲ့ပါတယ်။
ဒဏ်ရာတွေနဲ့ အမျိုးသားဟာ ခန့်မှန်း အသက် ၃၅ နှစ်အရွယ်ရှိပြီး ဆေးရုံကိုအရောက် ၁၀ မိနစ်လောက်မှာ သေဆုံးသွားတာပါ။
“ဒဏ်ရာက မှန်းရခက်တယ်ဗျ။ နေရာစုံမှာထိုးထားတာ၊ ဓားနဲ့ထိုးတာလည်း မဟုတ်ဘူး၊ စကေဘာတို့ ချွန်းတို့နဲ့ ထိုးထားတာထက်တောင် သေးနေသေးတယ်” လို့ ကူညီခဲ့တဲ့ ပရဟိတသမားတဦးက ပြောပါတယ်။
သေဆုံးသူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို မသိရှိရသေးဘဲ ရန်ကုန်ဆေးရုံကြီးမှာ ပိုင်ရှင်မဲ့အလောင်းအဖြစ် ထားရှိထားပါတယ်။