မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁၉ ကင်းလှည့်ပွိုင့်ကားကြီးကို ဇွန် ၂၈ ရက် ဒီနေ့မနက် ၈ နာရီခွဲမှာ ရေးဘီလူးအဖွဲ့က ကလော့ကြီးကျေးရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် ကျဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ကလော့ကြီးရွာဘက်ကို သွားမယ့် စစ်တပ်ကျောင်းကားအတွက် နယ်မြေလုံခြုံရေး ရှင်းလင်းနေတဲ့ စစ်တပ်ဖောကားဟာ ကျောင်းကားအတွက် လမ်းရှင်းဖို့ ရှေ့ကလာနေစဥ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြို့ခံတယောက်က “မနက်က ပစ်နေတာ မိနစ် ၂၀ နီးပါး ကြာလောက်ရှိမယ်။ လက်နက်ကြီး လက်နက်ငယ်နဲ့ပါ ပစ်နေကြတာ။ ကလော့ရွာနားဘက်မှာ။ အရင်ကထက် မြို့ထဲမှာ တိုက်ပွဲကြောင့် လူတွေ အသွားအလာ နည်းသွားတယ်” လို့ ပြောပါတယ်။
သေနတ်သံတွေကို ရေးမြို့ထဲဘက်အထိ ကြားနေရတာကြောင့် ကျောင်းသားမိဘတွေ စိတ်ပူပြီး ကျောင်းပေးမတက်ကြတဲ့သူတွေလည်း ရှိတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
“ရေး-ထားဝယ်ကားလမ်း ပေလေးဆယ်တံတားအနီး ကလော့လမ်းဝနား ပစ်ခတ်မှုဖြစ်စဉ်မှာ ရန်ကုန်ကနေ ထားဝယ်ကို မောင်းနှင်လာတဲ့ ခရီးသွား အိမ်စီးကား ၁ စီးပေါ် စီးနင်းလိုက်ပါလာတဲ့ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး၊ ၁ နှစ်ခွဲအရွယ် ကလေး ၁ ဦး ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်သူ ယာဉ်မောင်းအမျိုးသမီးကို ရေးမြို့ပြည်သူဆေးရုံက တဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ရတယ်” လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
လက်ရှိ ရေးမြို့နယ် မြောက်ပိုင်းဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အကြား စစ်ရေးတင်းမာလာနေတာကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာနေသလို တိုက်ပွဲတွေ ထပ်မံပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
အခုပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။