မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တို့မှာ ဇွန် ၂၆ ရက်က ကြံ့ခိုင်ရေးပါတီဝင် သုံးယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဂန်ဂေါမြို့နယ်၊ ကုက္ကားကျေးရွာမှာ မနေ့ညနေက ကြံ့ခိုင်ရေးပါတီဝင် ဦးတင်ဦးနဲ့ ဦးသန်းဝင်းတို့ နှစ်ဦးကို လက်နက်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က ရွာမှာ ပြည်သူ့စစ်တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်း ဖြစ်တယ်။ စစ်တပ်နဲ့ပေါင်းပြီး PDF တွေတိုက်ဖို့ ဖမ်းဖို့ လုပ်တာတွေလည်းရှိတယ်။ သင်္ဂြိုဟ်တာတောင် ပြည်သူ့စစ်အဖွဲ့တွေ ပါတယ်။”
အလားတူ တောင်သာမြို့နယ် ချင်းယားတောင်ကျေးရွာမှာ မနေ့ညနေက ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမိုးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက အမှုဖွင့် စစ်ဆေးပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပြည့်မဏ္ဍိုင် ရက် ၉၀ စီမံချက်ကြောင့်ဖြစ်တာ။ ပါတီလူကြီးတွေက အပေါ်ကပဲပြောတာ၊ အသတ်ခံရရင် ကူငွေတောင် လာမပေးရဲဘူး။ ဒီလထဲ အသတ်ခံရတာ ၁၂ ယောက်ရှိပြီ။”
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဆောင်ရွက်နေတဲ့ ပြည့်မဏ္ဍိုင်စီမံချက်ကြောင့် ဇွန်လအတွင်း ကြံ့ခိုင်ရေးပါတီဝင်ဦးရေ ၂၀ ထက်မနည်း အသတ်ခံရတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။
ဇွန် ၂၃ နဲ့ ၂၄ ရက်ကလည်း နွားထိုးကြီးမြို့နယ်နဲ့ ညောင်ဦးမြို့မှာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးတဦးနဲ့ ပါတီဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။