ရန်ကုန်၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊ ဓမ္မာရုံမှတ်တိုင်အနီးမှာ ဇွန် ၂၇ ရက် ဒီနေ့မနက် အစောပိုင်းက အမျိုးသားတဦး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်း ၅ နာရီ မိနစ် ၂၀ လောက်က လူတဦး လဲကျနေတယ်လို့ လမ်းသွားလမ်းလာတွေက ကယ်ဆယ်ရေးအသင်းတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “မနက်စောစော ၅ နာရီကျော်လောက်က တွေ့တယ်လို့ ဖုန်းဆက်လို့ သွားတာပါ။ ခေါင်းနဲ့ မျက်နှာတော့ ထိခိုက်မိထားတဲ့ ဒဏ်ရာတွေ ရှိတယ်။ သက်ဆိုင်ရာက လာစစ်ပြီးပါပြီ။ ဘယ်သူလဲ ဘယ်ကလဲကတော့ အတည်ပြုနေဆဲပါ” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၀ ခန့်ရှိ အမျိုးသားတဦးဖြစ်တယ်လို့ သိရပြီး ဦးခေါင်းနဲ့ မျက်နှာမှာ ထိခိုက်မိထားတဲ့ ဒဏ်ရာတွေနဲ့ သွေးထွက်လွန်ဒဏ်ရာ ရရှိထားကာ သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိချိန်မှာတော့ သေဆုံးနေပြီလို့ သိရပါတယ်။
သေဆုံးသူအမျိုးသားရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပြီး အောင်နိုင်သူ လူနာတင်ကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။
ဇွန် ၂၆ ရက် ညပိုင်းကလည်း သာကေတ၊ ဧရာဝဏ်လမ်းမကြီးပေါ်မှာ အသက် ၅၀ အရွယ် အမျိုးသမီးတဦး ဒဏ်ရာတွေနဲ့ လဲကျနေတာကို ရပ်ကွက်နေသူတွေက တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးအသင်းတွေက ဆေးရုံပို့ပေးခဲ့တယ်လို့ သိရပါတယ်။