ဇွန် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၆ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၃၈ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါ တယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာ၊ ချောင်းဦးနဲ့ မြောင်မြို့နယ်တွေထဲမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး ယင်းမာပင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တို့က တိုက်ခိုက်ခဲ့ကြသလို တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီ စခန်းကို PDF တို့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံဒေသက ဆဒုံရေတံခွန်ပတ်ဝန်းကျင်မှာလည်း ဇွန် ၂၆ ရက် မနက်ပိုင်းက ကချင်လွတ်မြောက်ရေတပ်မတော်(KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအပြီး ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၉ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေး၊ မကွေးနဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာ တကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။