ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံဒေသက ဆဒုံရေတံခွန်ပတ်ဝန်းကျင်မှာ ဇွန် ၂၆ ရက် မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတဦးဆီက ပြောပါတယ်။
“မနက်ကတည်းကနေ တိုက်ပွဲဖြစ်တဲ့အသံတွေ ကြားနေရတာ။ အဲဒီ ရေတံခွန်နားဘက်လို့ ပြောတယ်။ အသံကြားလို့ လှမ်းမေးကြည့်လိုက်တော့ အဲဘက်ပြောတယ်။ ညနေလည်း လေယာဉ်လာတယ်ကြားလို့ ပြန်မေးကြည့်တော့ ဟုတ်တယ်တဲ့၊ လေယာဉ်နှစ်စီးနဲ့ လာပစ်သွားတာတဲ့။”
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ အင်ဝမ်းကောင်ကျေးရွာဟောင်းနဲ့ နီးတဲ့နေရာမှာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က ဦးရွှေမင်းရဲ့ ပြည်သူ့စစ်တွေ ထိုင်တဲ့နေရာကို KIA က သွားရောက်တိုက်ခိုက် သိမ်းပိုက်ပြီး လက်ရှိ KIA က ဂိတ်ထိုင်နေတဲ့ နေရာဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။
ဆဒုံရေတံခွန်ပတ်ဝန်းကျင်မှာ စစ်ကောင်စီအထိုင်ဂိတ်၊ ပြည်သူ့စစ်ဂိတ်နဲ့ KIA တပ်စခန်းဂိတ်တွေ ရှိနေတဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အင်ဝမ်းကောင်ကျေးရွာက ပြည်သူတွေဟာ ကချင်ပြည်နယ်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းကနေ မြို့ပေါ်က စစ်ရှောင်စခန်းတွေကို ထွက်ပြေးတိမ်းရှောင် နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။