တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနက အရာရှိ ဦးကျော်မျိုးထွန်းရဲ့ကား ဇွန် ၂၄ ရက် ည ၉ နာရီလောက်က ရေး-ထားဝယ်ကားလမ်း ရေဖြူလမ်းပိုင်း ၂၅ မိုင်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရတဲ့ကားဟာ မီးသတ်ဒုဦးစီးမှူးရဲ့ ကိုယ်ပိုင် နက်ပြာရောင်အိမ်စီးကားဖြစ်ပြီး ကားပေါ်မှာ မီးသတ်အရာရှိအပြင် စစ်သားတဦးနဲ့ တခြား အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦး လိုက်ပါလာပြီး ပစ်ခတ်ခံရမှုကြောင့် ၄ ဦးစလုံး ဒဏ်ရာရကာ ဆေးကုသနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလိန်အောင်မြို့ခံတဦးက “ထွေအုပ်ရုံး ပစ်ခံရတဲ့နေ့ (ဇွန် ၂၁) ကတည်းက သူ (မီးသတ်ဦးစီးမှူး) လည်း ရှောင်နေတယ်ဆိုပြီး ပျောက်နေတာ။ အခု အပစ်ခံရလို့ ဆေးရုံတင်တာတောင် ကလိန်အောင်မှာ မဟုတ်ဘူး၊ ရေဖြူဆေးရုံမှာ။ ကားပေါ်ပါလာတာက သူ့မိသားစုတွေ မဟုတ်ဘူး။ KTV က မိန်းကလေး ၂ ယောက်နဲ့ စစ်သားတယောက် ပါတယ်” လို့ ပြောပါတယ်။
အဲဒီကား ပစ်ခတ်ခံရမှုကိုတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
ဇွန် ၂၃ ရက်ကလည်း ရေဖြူလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကော်သူးလေအာမီ ရွှေဘီလုံးတပ်ဖွဲ့နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ၃ ကြိမ်မိုင်းဆွဲခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံးတယ်လို့ ရွှေဘီလုံးတပ်ဖွဲ့က စစ်ရေးသတင်း ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၂ ရက် ညနဲ့ မနက်အစောပိုင်းတွေမှာလည်း ကလိန်အောင်အခြေစိုက် ခမရ ၄၀၈ စစ်ကောင်စီတပ်ရင်းကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၁ တနင်္သာရီစစ်ကြောင်းနဲ့ ရွှေဘီလုံးတပ်ဖွဲ့တို့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။
ဇွန် ၂၁ ရက်က ကလိန်အောင်မြို့ ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က မထုတ်ပြန်သလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမရှိပေမဲ့ ထွေအုပ်ရုံးမှာ လုံခြုံရေးလာယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလိန်အောင်မြို့နဲ့ အနီးတဝိုက်မှာ ဇွန် ၂၁ ရက်ကစပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေကာ ရေဖြူလမ်းပိုင်း အသုံးပြုသူတွေကို ညပိုင်းသွားလာတာ မပြုလုပ်ဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။