တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီကနေ ဝါဒဖြန့်စာစောင်တွေ လိုက်ဝေရာ မယူဘူးလို့ ငြင်းဆိုခဲ့တဲ့ ဒေသခံ လူငယ် ၂ ဦးကို အရပ်ဝတ် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇွန် ၂၅ ရက် မနက် ၉ နာရီလောက်က မြိတ်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တုနားမှာ “အိမ်အပြန်လမ်းအတွက် ဖိတ်ခေါ်သံ” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် လက်ကမ်းစာစောင်တွေကို လိုက်ဝေရာ ဖြတ်သွားဖြတ်လာ လူငယ် ၂ ဦးက ဝါဒဖြန့်စာစောင် မယူဘူးလို့ ငြင်းဆိုခဲ့တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်စစ်သားတွေနဲ့ ပျူစောထီးတွေက ရိုက်နှက်ကာ သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော် ဆိုင်ကယ်ဆီဖြည့်ပြီး ပြန်အလာမှာ ရုတ်ရုတ်သဲသဲဖြစ်နေတော့ အနီးကပ် သွားမကြည့်ရဲဘူး။ ဒါနဲ့ စာစောင်ကိုင်လာတဲ့ ဆိုင်ကယ်သမားကို မေးလိုက်တာ သူတို့ ဝါဒဖြန့်စာတွေကို မယူလို့ ဖမ်းနေတာလို့ ပြောတယ်။ တခြား ဖြတ်လာတဲ့လူတွေကို မေးလိုက်တော့ ရိုက်နှက်နေကြပြီးတော့ ကားပေါ်ကို သေနတ်တွေနဲ့ချိန်ပြီး ခေါ်သွားတယ်တဲ့။”
အဆိုပါလူငယ် ၂ ဦးမှာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်တွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းသိရပြီး ဆိုင်ကယ် ၁ ယောက် ၁ စီး မောင်းနှင်လာကြတာလို့ သိရကာ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီကနေ အဆိုပါ လက်ကမ်းစာစောင်တွေကို ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က စတင်ကာ ၂၅ ရက်နေ့အထိ မြိတ်မြို့ပေါ်ရှိ ရပ်ကွက်၊ စျေးတချို့နဲ့ လူစည်ကားရာ နေရာတွေမှာ လိုက်လံဝေငှနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလက်ကမ်းစာစောင်တွေကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး ဦးဆောင်တဲ့အဖွဲ့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပျူစောထီးအဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ ပူးပေါင်းလိုက်ဝေငှတာ ဖြစ်တယ်လို့ သိရပါတယ်။