မြန်မာလူငယ်ရက်ပ်အဆိုတော် ကိုဝဏ္ဏမင်းဝေ(ခ)စာခြောက်ရုပ်ဟာ ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ ဇွန် ၂၆ ရက် ဒီနေ့မနက်က နှလုံးရပ် သေဆုံးသွားတယ်လို့ သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတွေက ပြောပါတယ်။
ဒီနေ့မနက် အင်းစိန်မြို့တနေရာမှာ ပိုင်ရှင်မဲ့အလောင်းတလောင်း တွေ့ရှိကြောင်း ရပ်ကွက်နေ ပြည်သူတွေက သတင်းပေးပို့တဲ့အတွက် လူမှုကူညီရေးအသင်းတခုက သွားရောက်ကူညီဖို့ သွားရောက်ရာမှာ သေဆုံးသူဟာ အဆိုတော် စာခြောက်ရုပ် ဖြစ်နေခဲ့တာလို့ သိရှိခဲ့တာလို့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အင်းစိန်မှာ ပိုင်ရှင်မရှိအလောင်းဆိုပြီး လမ်းဘေးမှာ သေနေတာကို ပရဟိတတွေက သွားသယ်လာတာဗျာ။ အဲ့ ပရဟိတအသင်းက ပို့စ်တင်တော့မှ ကျနော်တို့ သိရတာ။ သိသိချင်း သူငယ်ချင်းတွေ ဝိုင်းဆက်သွယ်တော့ စာခြောက်ရုပ်ဖြစ်နေမှန်း သိတာ။ သူက နယ်မှာ နေတာ၊ သူ့အမေကိုတော့ အကြောင်းကြားထားတယ်။ ပရဟိတအဖွဲ့တွေပဲ ရင်ခွဲရုံပို့လိုက်တာ။ ဆရာဝန်ကြီး ဆေးစစ်ချက်ကတော့ ရုတ်တရက် နှလုံးရပ်သွားတယ် ပြောတယ်။ သေတာက မနေ့ကတည်းလောက်ကတဲ့။”
အဆိုတော် စာခြောက်ရုပ်ဟာ Freestyle ရက်ပ်တွေကနေတဆင့် ဟစ်ပ်ဟော့ပ်လောကထဲမှာ ထင်ရှားခဲ့တာဖြစ်ပြီး မငိုနဲ့တော့၊ ဝေးလေငေးသော်၊ မိုးညကဗျာ သီချင်းတွေက လူငယ်တွေကြားမှာ ရေပန်းစား လူကြိုက်များပါတယ်။
အဆိုတော် စာခြောက်ရုပ်ရဲ့ ရုပ်အလောင်းကို အင်းစိန်မြို့က ပရဟိတလူမှုကယ်ဆယ်ရေး အသင်းတွေကနေ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။