ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဆိုရှယ်လစ်ရပ်ကွက်ရှိ ကျုံးရေပြင်ထဲမှာ ဇွန် ၂၄ ရက်၊ ညနေက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ရေဆင်းကူးရင်း နစ်မြုပ်သွားတယ်လို့ ပဲခူးမြို့ ညီညွတ်ခြင်းကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ရေထဲနစ်မြုပ်သွားသူ ၃ ဦးစလုံးဟာ အသက် ၁၈ နှစ်အရွယ် အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦးနဲ့ အသက် ၁၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြတယ်လို့ သိရပြီး ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၆ မှာ နေထိုင်သူတွေပါ။
မနေ့ မွန်းတည့် ၁၂ နာရီခန့်က အိမ်ကနေ စက်ဘီး ၂ စီးနဲ့ ထွက်သွားပြီး ပျောက်ဆုံးနေရာက ဆိုရှယ်လစ်ဘက် ကျုံးရေကမ်းစပ်မှာ စက်ဘီး ၂စီး၊ ဖိနပ် ၂ ရံသာ ရှာတွေ့ခဲ့ပါတယ်။
ညီညွတ်ခြင်းကယ်ဆယ်ရေးအသင်း တာဝန်ခံက “ နှစ်ယောက်တော့ တွေ့ပါပြီ၊ ၁ ယောက်ကိုတော့ ထပ်ရှာနေပါတယ်။ မိန်းကလေးတွေ ပထမတွေ့တာက ၁၈ နှစ်၊ ဒီနေ့က ၁၃ နှစ် တဦး၊ သူတို့နှစ်ယောက်က ညီမအရင်းတွေ၊ သူတို့မိဘတွေ ပြောတာတော့ အဝတ်အစားသွားဝယ်ဖို့ စက်ဘီးစီးရင်းနဲ့ ထွက်သွားပြီး ရေဆင်းဆော့တာလို့ ပြောတယ်” လို့ ပြောပါတယ်။
မနေ့ညနေ ၄ နာရီလောက် သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးရုပ်အလောင်းကို ရေထဲက ဆယ်ယူနိုင်ခဲ့ပြီး ဇွန် ၂၅ ရက်၊ မနက် ၈ နာရီလောက်မှာ အသက် ၁၃ မိန်းကလေးကို ရုပ်အလောင်းကို ရှာတွေ့ခဲ့ကာ အမျိုးသား ၁ ဦးကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ရေနစ်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်ပြီး ရုပ်အလောင်းတွေကို ပဲခူးမြို့ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။