ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ လက်ပံခုန်ကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဇွန် ၂၂ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့တယ်လို့ ရွာခံတွေထံက သိရပါတယ်။
လက်ပံခုန်ကျေးရွာနဲ့ တောင်ခမောက်ကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်မှာ အဲ့ဒီနေ့ နေ့လယ် ၃ နာရီလောက်က သေနက်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရွာခံတဦးက “ဟိုဘက်ရွာကို ဆွမ်းစားကြွသွားတာ၊ နေ့လယ်ပိုင်းအထိ ကျောင်းပြန်ရောက်မလာလို့ ဖုန်းဆက်ကြည့်မှ ဖုန်းပါဆက်သွယ်လို့မရတာနဲ့ လိုက်သွားကြည့်မှ လမ်းဘေးမှာ အခုလိုပုံစံနဲ့ တွေ့ခဲ့ရတာပါ။ ကျောင်းမှာပဲ အခု နာရေးအတွက် စီစဉ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ပံခုန်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ သက်တော် ၆၅ နှစ်၊ သိက္ခာတော် ၃၆ ဝါ၊ လက်နက်နဲ့ပစ်ခတ်ခံရလို့ ဦးခေါင်းနဲ့ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာတင် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ကို ဘယ်အဖွဲ့က ဘာကြောင့် လုပ်ကြံတယ်ဆိုတာတော့ လတ်တလော မသိရသေးပါဘူး။
ဇွန် ၁၁ ရက်ကလည်း လက်ပံခုန်ကျေးရွာက စစ်ကောင်စီသတင်းပေး အမျိုးသားတဦးလည်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။
Photo Cj