ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ရှိ ကျေးရွာ ၂ ရွာ ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖရူဆိုမြို့ အနောက်ဘက်ခြမ်းရှိ ဒါရိုရွာ နဲ့ အခြားကျေးရွာ တရွာကို စစ်ကောင်စီတပ်က ဇွန် ၂၃ ရက် မနက်အစောပိုင်း ၄ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒါရိုရွာမှ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
၂ ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ရွာမှ ဒေသခံတဦးက "ပထမ ညက ရုတ်တရက် ဗုံးကြဲခံရတော့ လူတွေက ထိတ်လန့်ပြီးထွက်ပြေးကြတယ်။ နေ့လယ်ပိုင်းကျမှ အိမ်ပြန် ချက်ပြုတ်စားကြတာပေါ့။ တချို့ကလည်း မနေ့ကတည်းက ပြန်လာကြတယ်၊ တချို့က ပြန်မလာကြဘူး။ အခု ၂ ရက်ဆက်တိုက် ဖြစ်လာပြီဆိုတော့ မရှောင်လို့ မရတော့ဘူးလေ။ လူကြီးတွေကလည်း ရှောင်ခိုင်းကြပြီ။ ကျမတို့မှာ အိုးအိမ်ပဲ ရှိတာဆိုပေမယ့် အခုလိုဖြစ်သွားတော့ လူတွေမထိတာဘဲ အရမ်းကံကောင်းတယ်လို့ ပြောရမယ်။ ရွာမှာတော့ လူထိခိုက်မှု မရှိပါဘူး။ နေအိမ်တော့ ၇ လုံး လောက်ပျက်စီးသွားတယ်။ တခြားရွာမှာ လူထိခိုက်မှုရှိတယ်လို့ ကြားပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ ကျေးရွာမှာ အိမ်ခြေ ၄၀ လောက်ရှိပြီး လူဦးရေ ၂၀၀ ဝန်းကျင်နေထိုင်ကြကာ ဇွန် ၂၁ ရက် ည ၁၂ ဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချ ခဲ့တာကြောင့် နေအိမ် ၆ လုံးပျက်စီးပြီး ဒီကနေ့ မနက်အစောပိုင်းမှာ ဒုတိယအကြိမ် ထပ်မံဗုံးကြဲခံခဲ့ရတာပါ။
လက်ရှိအချိန်မှာ ဒေသခံတွေဟာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ပထမ ရက်ကတည်းက တောတောင်ထဲ သွားရောက်ရှောင်တိမ်းနေကြသူတွေရှိသလို ရွာမှာ ကျန်ခဲ့သူလည်း ရှောင်တိမ်းကြဖို့ စီစဉ်နေကြပြီလို့ သိရပါတယ်။