ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ဥရုချောင်းရေ မြင့်တက်လာပြီး မြို့တွင်း လမ်းမတွေပေါ် ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကံဆီးဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် ကျောက်စိမ်းမှော်ဒေသကို ဖြတ်သန်းစီးဆင်းနေတဲ့ ဥရုချောင်းရေဟာ ဇွန်လ ၂၂ ရက်ညနေပိုင်းက စပြီး မြင့်တက်လာတဲ့အတွက် လုံးခင်းကျေးရွာလမ်းမတွေမှာ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်း ကျေးရွာ ဒေသခံတစ်ဦးက"မိုးကလည်း အဆက်မပြတ်ရွာနေတယ်။ အထက်ကံဆီးဘက်မှာ မိုးကြီးနေတော့ ဥရုချောင်းရေကြီးတယ်။ ဥရုချောင်းရေကြီးတော့ လုံးခင်းကျေးရွာမှာ ရေကြီးရေလျှံဖြစ်လါတယ်။ လုံးခင်း အနိမ့်ပိုင်းက အိမ်တွေ ရေတွေဝင်နေပြီ "လို့ ပြောပါတယ်။
မိုးများစွာရွာသွန်းပြီး ရေစီးရေလာအားနည်းတဲ့အတွက် ဥရုချောင်းရေဟာ ၁၀ လောက်အထိ မြင့်တက်လာပြီး အမှတ် ၄ ရပ်ကွက်က နေအိမ်တချို့ ရေတွေ စတင်ဝင်ရောက်နေကြောင်း သိရပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက " ဥရုချောင်းထဲ ပစ်ထားတဲ့ အမှိုက်တွေကြောင့် ရေစီးရေလာအားနည်းပြီး ရေလျှံလါတယ်။ ရေက ရပ်ကွက် နေအိမ်တွေထဲ တဖြည်းဖြည်းဝင်လါပြီ။ မိုးအဆက်မပြတ်ရွာနေရင်တော့ ဥရုချောင်းရေ ဆက်ကြီးလာနိုင်တယ်" လို့ ပြောပါတယ်။
ဖါးကန့်မြို့နယ်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ကျောက်စိမ်းတူးဖေါ်တာ၊ ရွှေတူးဖေါ်တာစတဲ့ လုပ်ငန်းတွေက ထွက်ရှိတဲ့ စွန့်ပစ် ပစ္စည်းနဲ့ အမှိုက်တွေကို ဥရုချောင်းအတွင်း စွန့်ပစ်တဲ့အတွက် နှစ်စဉ် ရေကြီးရေလျှံနေတာ ဖြစ်ပါတယ်။