စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ အလုပ်ပြန်လုပ်ဖို့ ဒေသခံ ကျွမ်းကျင်လုပ်သားဟောင်းတွေကို အရင်ကလစာထက် နှစ်ဆလောက် ပိုပေးပြီး တရုတ် ကုမ္ပဏီက ပြန်ခေါ်နေပါတယ်။
မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုးက “အပေါ်ပိုင်း ပညာရှင်ပိုင်းကတော့ တရုတ်နိုင်ငံသားတွေ လုပ်တာပေါ့။ လုပ်ငန်းလည်ပတ်ဖို့အတွက် အရင်ကလုပ်ခဲ့တဲ့ ဒေသခံ အလုပ်သမားတွေ ရှိတယ်ပေါ့ဗျာ။ ကျွမ်းကျင်လုပ်သားအများစုက CDM လုပ်ထားတာပေါ့။ အဲ့ဒီလုပ်သားတွေကို သူတို့ အရင်ကရခဲ့တဲ့ လုပ်ခထက် နှစ်ဆ သုံးဆ ပေးပြီးတော့ ခေါ်နေတာတော့ တွေ့ရတယ်ဗျ။ သိန်း ၂၀ ဝန်းကျင်ပေးပြီးတော့လေ” လို့ ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီဟာ တရုတ်အစိုးရက အသိအမှတ်ပြုထားတဲ့ စစ်ဘက်ကုန်သွယ်ရေး ဦးဆောင်လုပ်ငန်း နိုရင်ကိုရဲ့ လက်အောက်ခံဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကြေးနီစီမံကိန်း အကျိုးတူလုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။
ဒီစီမံကိန်းမှာ နည်းပညာနဲ့ အရင်းအနှီးတွေကို ဝမ်ပေါင်ဘက်က စိုက်ထုတ်ပြီး အကျိုးအမြတ် ၄၅ ရာခိုင်နှုန်းအထိ ပြန်လည်ရယူခွင့်ကို မြန်မာစစ်တပ်က ခွင့်ပြုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအလင်း ဖော်ပြတာမျိုး မရှိပေမဲ့ လုပ်ငန်းပုံစံအရ ဒေါ်လာသန်းရာချီတန်ဖိုးရှိတဲ့ လုပ်ငန်းဖြစ်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။
လတ်တလောမှာ ဝမ်ပေါင်စီမံကိန်း ပြန်လည်ပတ်နိုင်ဖို့ ညောင်ပင်ကြီးဆိပ်ကမ်း၊ ကျောက်မျက်အက်ဆစ်စက်ရုံ၊ ဆားလင်ကြီး-ယင်းမာပင်နယ်အစပ် ရဲတပ်ရင်း ၂၈၊ မုံရွာဘက်ကမ်း အိုးရှင်း၊ ကျောက်မျက်တောင်၊ ရွှေတောင်ဦး၊ ချင်းတွင်းတံတား စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချနေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
“ဝမ်ပေါင်ကို နောက်ပိုင်းကျရင် ကုန်စည်ကူးသန်းမှုတွေလုပ်ရင် ညောင်ပင်ကြီးက အရမ်းအရေးကြီးတာလေ။ ညောင်ပင်ကြီးကထွက်ရင် ဝမ်ပေါင်ကို တန်းရောက်တာ။ ညောင်ပင်ကြီးမှာ အထိုင်ချပြီးသားဆိုတော့ ကမ်းနားမှာ ပစ္စည်းအရွှေ့အပြောင်း လုပ်တဲ့အခါကျတော့ အနှောင့်အယှက် မပေးနိုင်တော့ဘူးပေါ့နော်။ တော်တော်တော့ အရေးပါတာပေါ့ ညောင်ပင်ကြီးက။ ဝမ်ပေါင် ရှိတယ်၊ ယန်စီ ရှိတယ်၊ ဝမ်ပေါင်စက်ရုံ ပြန်လည်တယ်ဆိုတဲ့ အနေအထားတွေကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် တချို့အရာလေးတွေ ရှိလာတာပေါ့နော်။ ကျောက်မျက်က အက်စစ်စက်ရုံမှာလည်း စစ်ကောင်စီတပ်သားတွေရှိတယ်။ ဝမ်ပေါင်ကို ထောက်ထားတာပေါ့။ ထန်းတောကြီးရဲ့ ဟိုဘက် ယင်းမာပင်ဘက်ခြမ်းမှာတော့ ရဲတပ်ရင်း ၂၈ ရှိတယ်။ ချင်းတွင်းတံတားမှာလည်း ရှိတယ်။ ရွှေတောင်ဦးမှာလည်း ရှိတယ်။ လွှတ်တော်ကနေ လှမ်းမြင်နေရတဲ့ ကျောက်မျက်တောင်ပေါ်မှာလည်း (--)တွေ အထိုင်ချထားတယ်။ မုံရွာဘက် အိုးရှင်းမှာလည်း အထိုင်ချမယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်ပေါ့။”
စစ်ကိုင်းဒေသခံ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီဘက်မှာ တရုတ်အစိုးရက ပေါ်ပေါ်တင်တင် ရပ်တည်လာတာကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေကို ထိုးနှက်ဖို့ ကြိုးစားနေသလို စစ်ကောင်စီကလည်း အင်အားသုံး အကာအကွယ်ပေးတာတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။
ဇွန် ၉ ရက်ကနေ လက်ရှိအချိန်အထိ ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာတွေကို စစ်ကောင်စီက အင်အားသုံး ထိန်းချုပ်နေသလို ဇွန် ၁၀ ရက်က စီမံကိန်းအနီး ညောင်ပင်ကြီးရဲစခန်းကို PDF တွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဝမ်ပေါင်စီမံကိန်းအပြင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က တကောင်းနီကယ်စီမံကိန်း ဟာလည်း လတ်တလောမှာ PDF တွေရဲ့ ပစ်မှတ်ထားစရာ ဖြစ်လာသလို စစ်ကောင်စီဘက်ကလည်း အင်အားသုံးကာကွယ်ဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။
တကောင်းနီကယ်စီမံကိန်းကို တရုတ်အစိုးရပိုင် China Nonferrous Metal Mining က လုပ်ကိုင်နေတာဖြစ်ပြီး ဒေါ်လာ သန်း ၈၀၀ တန်ဖိုးအထိ ရင်းနှီးမြှုပ်နှံမှု ရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။
၂၀၂၂ နှစ်ဆန်းပိုင်းမှာ တကောင်းနီကယ်စီမံကိန်းကို လျှပ်စစ်မီးပေးနေတဲ့ တာဝါတိုင်တွေကို PDF တွေက ဖျက်ဆီးခဲ့ပြီး တရုတ်အစိုးရဘက်က ညှိနှိုင်းဖို့ ကြိုးစားတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုခန့်ဝေဖြိုးက “ဝမ်ပေါင် ယန်စီကြေးနီစီမံကိန်းအပြင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ တကောင်းနီကယ်စီမံကိန်းလည်း ရှိတယ်ဗျ။ တကောင်းနီကယ်စီမံကိန်း ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော် တန်ဖိုးရှိတဲ့ စီမံကိန်းဆိုတာတော့ ကျနော်တို့ သိထားတယ်ဗျ။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ ထီးချိုင့်၊ ကောလင်း၊ ကသာတို့မှာလည်း တိုက်ပွဲတွေ အမြဲမပြတ် ရှိနေတာတော့ တွေ့ရတယ်ဗျ။ ၂၀၂၂ ခုနှစ်ကဆိုရင် တကောင်းနီကယ်စီမံကိန်းကို မီးပေးနေတဲ့ တာဝါတိုင်တွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရော၊ တရုတ်ကွန်မြူနစ်ပါတီရော စိတ်ပူတယ်ဆိုတာကို လှမ်းပြီးတော့ တော်လှန်ရေးအင်အားစုတချို့ဆီ သူတို့ချဉ်းကပ်ပြီး ပြောသံဆိုသံတော့ ကျနော်တို့ ကြားဖူးတာရှိတယ်ဗျ” လို့ ပြောပါတယ်။
မေလဆန်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီတို့ တွေ့ဆုံပြီးနောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို နိုင်ငံတကာက မေးခွန်းထုတ်လာတာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းက အကျိုးစီးပွားတွေကို ကာကွယ်ချင်တယ်ဆိုရင် တရုတ်အာဏာပိုင်တွေက စစ်ကောင်စီနဲ့ တွေ့ဆုံတာထက် တော်လှန်ရေးအစုအဖွဲ့တွေနဲ့ တွေ့ဆုံတာက ပိုအကျိုးရှိနိုင်မယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတယောက်က ပြောပါတယ်။
“တရုတ်အနေနဲ့က စစ်ကိုင်းတိုင်းအတွင်းက သူ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ အကျိုးစီးပွားတွေ ရှင်သန်ရပ်တည်ဖို့ဆိုရင် အကြမ်းဖက်စစ်တပ်တခုတည်းကို ဆက်သွယ် ဆောင်ရွက်တာကတော့ လုံလောက်မှုမရှိဘူးလို့ ကျနော်တို့ယူဆတယ်။ တော်လှန်ဘက်သားတွေ တော်လှန်အင်အားစုတွေကိုလည်း တရုတ်က ဆက်သွယ် ဆက်ဆံတာမျိုး ဆောင်ရွက်သင့်တယ်လို့ ကျနော်ကတော့ အကြံပြုချင်တယ်။”
စစ်ကိုင်းဒေသတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ကုမ္ပဏီတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ နာမည်ခံထားပေမဲ့ ကုမ္ပဏီတွေရဲ့ ဇာစ်မြစ်တွေအရ တရုတ်စစ်တပ်နဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းတူးဖော်တဲ့ စီမံကိန်းအသွင် ဆောင်နေတယ်လို့ စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။
စစ်ကောင်စီက တရုတ်ရဲ့ အကျိုးစီးပွားတွေကို အင်အားသုံးကာကွယ်မှာဖြစ်သလို PDF တွေဘက်ကလည်း စစ်ကောင်စီရဲ့ရပ်တည်ရေး ပုံပျက်အောင် တိုက်ခိုက်မယ့် အလားအလာတွေ ရှိနေတယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။