ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ သုံးခွ၊ ကမာရွတ်နဲ့ တွံတေးမြို့နယ်အတွင်းရှိ လူငယ် ၇ ဦးကို ဇွန် ၁၉ နဲ့ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ပုဒ်မ ၅၀၅ (က)နဲ့ မြို့မရဲစခန်းမှာ အမှုဖွင့်ပြီး လူငယ်အချို့ကို စစ်ကြောရေး ပို့ဆောင်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ညနေ သုံးနာရီက တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်နေ မမြင့်မြင့်အေး နေအိမ်ကို စစ်ကောင်စီတပ်နဲ့ရဲတွေရောက်လာပြီး ဖုန်းကိုစစ်ဆေးကာ ဖမ်းဆီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ Post တင်ထားတာတွေ့လို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ပန်းသပိတ်မှာ ပါလို့မဟုတ်ဘူး ဖေ့စ်ဘွတ်ခ်မှာ အမေစုကို ဆုတောင်းပေးလို့ ဖုန်းကိုစစ်ပြီး ဖမ်းသွားတာ။"
တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်မှာ မနေ့ နေ့လယ်က မမြကေခိုင်ဆိုသူ အမျိုးသမီးကိုလည်း စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးပြီး တောင်ဒဂုံမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အလားတူပင် သုံးခွမြိုနယ် ၉ ရပ်ကွက်နေ မဆုမြတ်ဆိုသူကို ဇွန် ၁၉ ရက်နေ့ည ၇ နာရီခွဲက စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးပြီး သန်လျင်မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အလားတူပင် တွံတေးနဲ့ ကမာရွတ်မြို့နယ်မှာ ဇွန် ၁၉ ရက်နေ့လယ်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ လူငယ်အယောက် ၂၀ ကိုဖမ်းပြီး ၁၆ ယောက်ကိုပြန်လွှတ်ကာ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်ကို ပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ရန်ကုန်မှာ ဖမ်းတာ ၇၀ နီးပါးရှိတယ်။ အဲ့အထဲက ပြန်လွှတ်ပေးတဲ့သူတွေလည်းရှိတယ်။ အမှုဖွင့်ထားတာ သိရသလောက် ၁၀ ယောက်ရှိတယ်။ အဲ့ ၁၀ ယောက်ထဲက အချို့ကို စစ်ကြောရေးမှာ စစ်နေတယ်။"
ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်တိုင်အတွင်းရှိ ပန်းပဲတန်း၊ မင်္ဂလာဒုံ၊ တာမွေ၊ လှိုင်သာယာ၊ သုံးခွ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ နဲ့ တွံတေးမြို့နယ်တို့မှာ ပန်းသပိတ်ဆင်နွှဲသူတွေ၊ ပန်းပန်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အချို့ကို ပြန်လွှတ်ပေးပြီး အချို့ကို ပုဒ်မ ၅၀၅(က)နဲ့အမှု့ဖွင့်ထားတာ ဖြစ်ပါတယ်။