အိန္ဒိယမှာ လာရောက်ခိုလှုံနေတဲ့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်တဲ့ ဇွန်လ ၂၀ ရက်မှာ သူတို့ရဲ့ မရေရာမလုံခြုံတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အိန္ဒိယဟာ ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသလို ဒုက္ခသည်တွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေလည်း မရှိပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက် အိန္ဒိယကို ထွက်ပြေးပြီး လာရောက်ခိုလှုံနေခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာ မြို့တော်ဒေလီမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရှေ့မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေးကို ထောက်ပံ့ကူညီဖို့ တောင်းဆိုထားတဲ့ စာသားကတ်ပြားတွေကိုင်ဆောင်ပြီး စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီရဲ့ အကြီးအကဲ ဖြစ်သူထံကိုလည်း ပေးစာတစ်စောင်တင်သွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
“အိန္ဒိယအစိုးရက သူတို့နိုင်ငံမှာ ဒုက္ခသည်မရှိဘူးလို့ သွယ်ဝိုက်ကြေညာထားသလို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အသိအမှတ်ပြုထားတဲ့ ကျနော်တို့ ဒုက္ခသည်တွေကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ်သာ သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် ကျနော်တို့ကို သူတို့နိုင်ငံသားအဖြစ်အသိအမှတ်မပြုသလို ရေရှည်နေထိုင်ခွင့် ဗီဇာလည်း မထုတ်ပေးဘူး” လို့ အဲဒီစာမှာ ရေးသားထားကြောင်း သိရပါတယ်။
အိမ်နီးချင်း သီရိလင်္ကာနဲ့ အာဖဂန်နစ္စတန်တို့လို နိုင်ငံတွေက ဒုက္ခသည်တွေအတွက် အိန္ဒိယဟာ ထွက်ပြေးခိုလှုံရာအဖြစ် မှတ်ယူထားကြပေမဲ့ အိန္ဒိယဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိတာကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကထုတ်ပေးတဲ့ အထောက်အထားတွေကို အသိအမှတ်ပြုခြင်းမရှိပါဘူး။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဒုက္ခသည်တွေကို အသိအမှတ်ပြုအထောက်အထား ထုတ်ပေးရာမှာ အချိန်ယူတာပိုများလာတဲ့အပေါ်မှာလည်း ဆန္ဒပြသူတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
အဲဒီလို အချိန်တွေကြာနေတာကြောင့် နဂိုကမှ လိုအပ်ချက်တွေအများကြီးနဲ့ မလုံခြုံတဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့ သူတို့အတွက် ပိုပြီးခက်ခဲ့စေတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်အဖြစ်လာရောက်ခိုလှုံနေသူတွေဟာ သူတို့နဲ့ ပတ်သက်ပြီး တသီးတခြားဥပဒေမရှိတဲ့ အိန္ဒိယမှာ ရေရှည်နေထိုင်ခွင့်ဗီဇာ ဒါမှမဟုတ် တခြားအထောက်အထားစာရွက်စာတမ်းတွေမရှိဘဲနဲ့ အလုပ်အကိုင်ရရှိဖို့ သို့မဟုတ် ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။
အရပ်သားအဖြစ် နေထိုင်ခွင့်ပါမစ် ဒါမှမဟုတ် ရေရှည်နေထိုင်ခွင့်ဗီဇာမရှိဘဲနဲ့ သူတို့ဟာ ဒီဂျစ်တယ်မှတ်ပုံတင်ကတ် မရရှိနိုင်တာကြောင့် အကျိုးဆက်အဖြစ်နဲ့ ဘဏ်အကောင့် မဖွင့်နိုင်ခြင်း၊ နိုင်ငံရပ်ခြားဆွေမျိုးတွေဆီက ငွေကြေးအကူအညီမရယူနိုင်ခြင်း၊ ကလေးတွေကို ကျောင်းမထားနိုင်ခြင်း၊ အလုပ်မရနိုင်ခြင်း၊ ယာဉ်မောင်းလိုင်စင်မရနိုင်ခြင်း စတဲ့ အားနည်းချက်တွေကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းကို ဒုက္ခသည်တွေက သူတို့တင်သွင်းတဲ့ စာမှာ ရေးသားထားပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ အဆိုအရ အိန္ဒိယမှာ ဒုက္ခသည် ၂ သိန်းခွဲလောက် ရှိပြီး အဲဒီအရေအတွက်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ သီရိလင်္ကာနဲ့ တိဘက်နိုင်ငံတို့ကလာတဲ့ ဒုက္ခသည်တွေကိုပဲ အာဏာပိုင်တွေက ကူညီထောက်ပံ့ပေးတယ်လို့ သိရပါတယ်။
လူနည်းစု ရိုဟင်ဂျာတွေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ ထွက်ပြေးလာခဲ့သူတွေ အပါအဝင် အိန္ဒိယမှာ မြန်မာနိုင်ငံကနေ လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည် ၃၅၀၀၀ ခန့်ရှိကြောင်း အမေရိကန် အခြေစိုက် La Prensa Latina သတင်းမှာ ဖော်ပြထားပါတယ်။